Google ဟာ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်တော့မယ့် Pixel 6 Series ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ Qualcomm Snapdragon Chipset တွေအစား ကိုယ်ပိုင် Google Tensor Chip ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ Pixel ဖုန်းတွေအပြင် Chromebook တွေအတွက်ပါ ကိုယ်ပိုင် Processor ကို ပြောင်းလဲအသုံးပြုလာတော့မှာဖြစ်ပါတယ်။

အခုသတင်းကို Nikkei Asia ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Google ဟာ အစောဆုံးလာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ကိုယ်ပိုင် Processor ကို အသုံးပြုထားတဲ့ Chromebook နဲ့ Tablet တွေကို မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ Google ရဲ့ ကိုယ်ပိုင် Processor ဟာ လာမယ့် Pixel 6 Series မှာ အသုံးပြုလာမယ့် Google Tensor Chipset နဲ့ တူညီမလားဆိုတာကိုတော့ မသိရသေးပေမယ့် ARM Architecture ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် လက်ရှိ Google ရဲ့ Chromebook နဲ့ Tablet တွေမှာ အသုံးပြုနေတဲ့ x86 Architecture သုံး Intel Processor တွေနဲ့ယှဥ်မယ်ဆိုရင် ပါဝါစားသုံးမှုနှုန်းပိုသက်သာမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာတော့ ဘယ်လောက်ရှိမလဲဆိုတာကို ခန့်မှန်းဖို့ ခက်ခဲနေပါသေးတယ်။ ဒါပေမယ့် Google ရဲ့ Chrome OS ကိုယ်တိုင်က စွမ်းဆောင်ရည်ကောင်းမွန်ဖို့ထက် ကျောင်းသားတွေနဲ့ Web အခြေပြုအလုပ်လုပ်ရတဲ့သူတွေကို ရည်ရွယ်ထားတာကြောင့် အဆင်ပြေနိုင်မယ်လို့ ယူဆရပါတယ်။

Google ဟာ နောက်ဆုံးအနေနဲ့ Intel Processor ကို အသုံးပြုထားတဲ့ Pixelbook Go Laptop ကိုပြီးခဲ့တဲ့ ၂ နှစ်တုန်းက မိတ်ဆက်ထားခဲ့တာဖြစ်ပြီး အခုအချိန်အထိ ထပ်မံမိတ်ဆက်ထားခြင်းမရှိသေးဘူးဖြစ်ပါတယ်။ အဲ့ဒီအတွက် ၂၀၂၃ ခုနှစ်မှာ ကိုယ်ပိုင် Processor နဲ့ Chromebook မမိတ်ဆက်ခင်မှာ တခြား Chrome OS ကိုအသုံးပြုထားတဲ့ Laptop သို့မဟုတ် Tablet တစ်ခုကို မိတ်ဆက်နိုင်ခြေရှိနေပါသေးတယ်။

Ref – The Verge