Foldable ဖုန်းကို စီးပွားဖြစ်ထုတ်လုပ်ပြီး ဈေးကွက်ထဲ အစောဆုံးပို့နိုင်တာက Samsung မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ Foldable ဈေးကွက်ကို ဦးဆောင်နေတာဟာ Samsung ဆိုရင် ငြင်းစရာမရှိပါဘူး။ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ Foldable နယ်ပယ်မှာတော့ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းအသာရထားတာ အမှန်ပါပဲ။

Google ဟာ Pixel တွေနဲ့တင် ခေတ်ရေစီးကြောင်းကို အမီလိုက်ဖို့မလွယ်ကူမှန်းသိပါတယ်။ သူလည်းပဲ Foldable ရေစီးကြောင်းထဲကို လိုက်ပါဖို့လိုအပ်နေပါတယ်။ ဒါပေမဲ့ Google ရဲ့ Foldable တွေကို ဒီနှစ်ထဲမှာတော့ မြင်တွေ့ရဖွယ်မရှိပါဘူး။ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်နဲ့ နီးကပ်လာချိန်မှာတော့ Google fan တွေ မချင့်မရဲဖြစ်စေတဲ့ သတင်းတစ်ခုပဲ ထွက်ပေါ်လာပါတယ်။

ကံမကောင်းစွာနဲ့ပဲ Pixel Notepad လို့ အမည်တွင်တဲ့ Google ရဲ့ Foldable device ဟာ ၂၀၂၃ ခုနှစ်အထိ ကြန့်ကြာသွားမယ်လို့ သိရပါတယ်။ ကနဦးတုန်းကတော့ Google ရဲ့ ပထမဦးဆုံး Foldable device ဟာ လာမဲ့နွေဦးရာသီမှာ ဈေးကွက်ထဲကို ရောက်ရှိစေဖို့ စီစဉ်ထားကြောင်း သတင်းထွက်ခဲ့တာပါ။

Samsung အတွက်ကတော့ ဒီနှစ်ထဲမှာ Google ရဲ့ Foldable တကယ်မထွက်လာဘူးဆိုရင် မိုလ်ဘိုင်းလုပ်ငန်းအပြင် လာမဲ့ Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့ကို ပြိုင်ဘက်များများစားစားမရှိဘဲ ရောင်းချခွင့်ရသလို ဖြစ်လာနိုင်ပါတယ်။ အခြားအမှတ်တံဆိပ်တွေအပြင် Google လို အမှတ်တံဆိပ်ကိုပါ ယှဉ်ပြိုင်ရမယ်ဆိုရင် Samsung အနေနဲ့ ပိုပြီးရှေ့ရောက်အောင်ပြေးထားဖို့ လိုအပ်နေတာပါ။

တစ်ဘက်မှာတော့ Samsung Display ဟာ ၂၀၂၂ ခုနှစ်အတွက် Foldable panel တင်ပို့ရောင်းချမှုဟာ ပိုပြီးတိုးလာဖို့ မရှိတော့ပါဘူး။ Samsung Display ဟာ Google ရဲ့ Foldable display panels တွေကို အဓိကပံ့ပိုးသူဖြစ်ပြီး အကယ်၍ Google က Foldable device ကို မထုတ်ဘူးဆိုရင်တော့ Samsung Display လည်း Panel တင်ပို့မှုပိုင်းမှာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Google ဟာ သူ့ရဲ့ ပထမဦးဆုံး Foldable ကို လာမဲ့၂၀၂၃ ခုနှစ် နွေဦးရာသီအထိ ရွှေ့ဆိုင်းထားရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့အချက်အလက်ကို မတွေ့ရသေးပါဘူး။ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုကြောင့်လား၊ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ ပြဿနာလား၊ Software ပိုင်းဆိုင်ရာ အခက်အခဲလား ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ ပြဿနာတွေကြောင့်လားဆိုတာကို ဘယ်သူမှ တိတိကျကျမသိကြသေးပါဘူး။ ဒါကြောင့် တိကျခိုင်မာတဲ့ သတင်းတစ်ရပ်ထွက်လာဖို့ ဆက်ပြီးစောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။

Ref: sammobile