Apple ရဲ့ AirTags ဟာ Privacy နဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်တတ်ပေမဲ့ တကယ်တမ်းတော့ အသုံးပြုသူရဲ့ လုံခြုံရေးကို အထူးအလေးပေးတဲ့ ခြေရာခံကိရိယာဆိုရင်လည်း မမှားပါဘူး။ ခေတ်မီတိုးတက်တဲ့ Apple ရဲ့ ခြေရာခံစနစ်တွေကြောင့် အသက်ကယ်တင်နိုင်မှုတွေလည်း မကြာခဏဆိုသလို တွေ့မြင်နေကြရပါတယ်။

AirTags လို ကိရိယာကို Android မှာလည်း အသုံးပြုချင်သူတွေအတွက် Google ကလည်း Smart Tag တစ်မျိုး စမ်းသပ်နေတယ်လို့ သိရပါတယ်။ သတင်းထွက်နေတာကတော့ ဒီ Tracking device ရဲ့ Codename က “Grogu” ဖြစ်ပြီး အခုအချိန်အထိတော့ တခြားအသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။

ဒါပေမဲ့ Google ရဲ့ “Grogu” Tracking device ကို လူမှုကွန်ရက်မှာတော့ နာမည်တစ်မျိုးနဲ့ ရယ်ပွဲဖွဲ့ပြီး မျှဝေနေကြပါပြီ။ ပြဿနာက Obi Fidler ကြောင့်ပါပဲ။ Obi Fidler က “Grogu” ရဲ့ Concept Design ကို ဖန်တီးပြီး “G Spot” လို့ နာမည်ပေးလိုက်တာပါ။ Google က စမ်းသပ်လုပ်ဆောင်နေတဲ့ Tracking device ကို The Readers Times, Yanko Design, Trend Hunter စတဲ့ မီဒီယာတွေမှာလည်း ဒီနာမည်နဲ့ပဲ ဖော်ပြလာတာကြောင့် ပိုပြီးတော့ ဂယက်ထ နေကြတာ ဖြစ်ပါတယ်။

“Grogu” ဟာ GPS အခြေပြု ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်တဲ့ ခြေရာခံကိရိယာတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ Google ရဲ့ Find My Device နဲ့ Google Maps service ကနေတစ်ဆင့် ခြေရာခံတာဖြစ်တယ်လို့လည်း သိရပါတယ်။ Tracking device မှာ ကြာရှည်အသုံးပြုနိုင်တဲ့ ဘက်ထရီပံ့ပိုးပေးထားမှာဖြစ်သလို၊ Tensor Chip လည်း ပါရှိမယ်လို့ သိရပါတယ်။

Google ဟာ Device ကို Develop လုပ်နေတာလည်း အမှန်ဖြစ်ပေမဲ့ ဒီဇိုင်းနဲ့ နာမည်ကတော့ Obi Fidler ရဲ့ Concept သာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအတော်များများကတော့ G Spot လို့ ပြောလိုက်တာနဲ့ Google ရဲ့ Tracking Device မှန်း တန်းပြီးသိနေကြပါပြီ။

Ref: The Readers Times