အခုနောက်ပိုင်းမှာ Android Flagship စမတ်ဖုန်းတွေဟာ ပုံမှန်ထက် Foldable Phone တွေကို ပိုပြီး ဦးစားပေးထုတ်လုပ်လာကြပါတယ်။ အခုလိုမျိုး Foldable Phone တွေ ခေတ်စားလာတယ်ဆိုပေမယ့် စျေးနှုန်းအနေနဲ့ တခြားပုံမှန် Flagship ဖုန်းတွေထက် ပိုများနေပါသေးတယ်။

အထူးသဖြင့် Foldable Phone တွေထဲမှာ အအောင်မြင်ဆုံးလို့ ပြောနိုင်တဲ့ Samsung Galaxy Z Fold4 ဖုန်းဆိုရင် စျေးနှုန်းက $1,799 နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန် Flagship ဖုန်းတွေထက် ၂ ဆနီးပါး စျေးပိုများနေပါတယ်။

ဒါပေမယ့် အခုထွက်ရှိလာတဲ့သတင်းအရ Samsung Galaxy Z Fold4 5G ဖုန်းရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ဒေါ်လာ ၆၇၀ ပဲရှိတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို Fomalhaust Techno Solution ကနေ Teardown ပြုလုပ်ပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် Samsung Galaxy Z Fold4 5G ဖုန်းရဲ့ ထုတ်လုပ်မှုစရိတ်ဟာ ရောင်းစျေးရဲ့ ၄၀ ရာခိုင်နှုန်းပဲရှိပြီး Samsung အနေနဲ့ ဒေါ်လာ ၁,၀၀၀ ကျော် စျေးတင်ရောင်းချနေတာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ထုတ်လုပ်မှုစရိတ်ထဲမှာ စျေးကွက်အတွင်း ကြော်ငြာမှုတွေ၊ တခြားသောကုန်ကျစရိတ်တွေပါဝင်ခြင်းမရှိတာကြောင့် တကယ်တမ်းအမြတ်ငွေက ဘယ်လောက်ရှိမလဲဆိုတာကိုတော့ တွက်ချက်နိုင်မှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် Foldable Phone တွေဟာ အများအပြားထွက်ရှိလာတာကြောင့် နောက်ပိုင်းမှာ စျေးနှုန်းကလည်း အခုထက်ပိုပြီး ကျဆင်းလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China