ပြီးခဲ့တဲ့လတုန်းက Analyst ကုမ္ပဏီတစ်ခုဖြစ်တဲ့ Canalys ကနေ ၂၀၂၀ ခုနှစ် တတိယ ၃ လပတ်အတွက် စမတ်ဖုန်းစျေးကွက်ပိုင်ဆိုင်မှုရလဒ်တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ရလဒ်အရ Xiaomi ဟာ ပထမဆုံးအကြိမ်အနေနဲ့ Apple ကို ကျော်တက်ပြီး ကမ္ဘာ့တတိယအကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခုလည်း Canalys ကနေ ၂၀၂၀ တတိယ ၃ လပတ်မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ စမတ်ဖုန်းတွေကို ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Apple ရဲ့ iPhone တွေဖြစ်တဲ့ iPhone 11 နဲ့ iPhone SE (2020) တွေက ထိပ်ဆုံးကနေ ဦးဆောင်နေတာပဲဖြစ်ပါတယ်။

iPhone တွေအပြီးမှာတော့ Samsung ရဲ့ Mid Range စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A21s ၊ A11 ၊ A51 ၊ A31 နဲ့ A01 Core ဖုန်းတွေက အရောင်းရဆုံး နံပါတ် (၃) ၊ (၄) ၊ (၅) ၊ (၈) နဲ့ (၁၀) နေရာတွေကို ရယူထားနိုင်တာဖြစ်ပါတယ်။ Samsung အနေနဲ့ ယခုနှစ် တတိယ ၃ လပတ်မှာ စမတ်ဖုန်းအလုံးရေ စုစုပေါင်း ၈၀.၂ သန်းရောင်းချထားနိုင်ခဲ့ပြီး စျေးကွက်ရဲ့ ၂၃ ရာခိုင်နှုန်းအထိ ရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Xiaomi အနေနဲ့ကတော့ Redmi Note 9/Redmi 10X 4G ၊ Redmi 9 နဲ့ Redmi 9A ဖုန်းတွေကပဲ အရောင်းရဆုံး နံပါတ် (၆) ၊ (၇) နဲ့ (၉) နေရာတွေကို ရယူထားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ စုစုပေါင်း စျေးကွက်ပိုင်ဆိုင်မှုမှာ Apple ကို အသာရထားပေမယ့် ရောင်းအားအကောင်းဆုံး စမတ်ဖုန်းတွေအနေနဲ့ကတော့ Apple ကို မယှဥ်နိုင်ခဲ့တဲ့ပုံစံပါပဲ။

လောလောဆယ်မှာ Apple ကနေ iPhone 12 Series စမတ်ဖုန်းတွေကို စတင်ရောင်းချနေပြီဖြစ်တဲ့အတွက် ယခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ်ရောင်းအားမှာတော့ Apple ဟာ Xiaomi ကိုကျော်တက်ပြီး စျေးကွက်တတိယနေရာကို ပြန်လည်ရယူသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China