Teaser တွေ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်မှာတော့ Honor ဟာ Honor 500 နဲ့ Honor 500 Pro စမတ်ဖုန်းတွေကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းစီးရီးအသစ်ဟာ ပါးလွှာတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့အတူ ထိပ်တန်းစွမ်းဆောင်ရည်၊ ကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းနဲ့ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ထားတာပါ။

Honor 500

Honor 500 နဲ့ 500 Pro တို့ရဲ့ အသေးစိတ်အချက်အလက်တွေ

ဒီမော်ဒယ်နှစ်မျိုးစလုံးမှာ 1.5K ရုပ်ထွက် (2736×1264 pixels) ရှိတဲ့ ၆.၅၅ လက်မအရွယ် ပြားကပ်နေတဲ့ AMOLED မျက်နှာပြင်ကို သုံးထားပြီး Pixel density အနေနဲ့ 460 PPI အထိ ရှိပါတယ်။ မျက်နှာပြင်ဟာ 120Hz refresh rate နဲ့ 10-bit အရောင်အသွေးကို ထောက်ပံ့ပေးထားသလို အမြင့်ဆုံး Brightness အနေနဲ့ 6000 nits အထိ ရရှိနိုင်ပါတယ်။  ဘေးဘောင်တွေကတော့ ၁.၀၅ မီလီမီတာသာ ရှိပြီး ဒါဟာ စမတ်ဖုန်းလောကမှာ အပါးလွှာဆုံး ဖြစ်တယ်လို့ Honor က ဆိုပါတယ်။

Honor 500 မှာ 4nm နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Snapdragon 8s Gen 4 Chipset ကို သုံးထားပြီး Honor 500 Pro မှာတော့ 3nm ဗိသုကာနဲ့ တည်ဆောက်ထားတဲ့ Snapdragon 8 Elite platform အထိ အဆင့်မြှင့်တင်ပေးထားပါတယ်။

ဒီစမတ်ဖုန်းတွေဟာ Android 16 အခြေခံ MagicOS 10.0 နဲ့ မောင်းနှင်ထားတာပါ။ ဒီ Custom Interface မှာ အဆင့်မြင့် ဓာတ်ပုံရိုက်ကူးမှု လုပ်ဆောင်ချက်တွေနဲ့ Live Photos ၁၀ ပုံကို တစ်စက္ကန့်အတွင်း ပေးပို့နိုင်မယ့် iOS Tap-to-Transfer လုပ်ဆောင်ချက် အပါအဝင် Platform မတူတဲ့ စက်ပစ္စည်းတွေအကြား ဖိုင်မျှဝေနိုင်တဲ့ စနစ်တွေ ပါဝင်ပါတယ်။

Honor 500 Pro

Honor 500 စီးရီးမှာ 1/1.4-လက်မ CMOS sensor အသုံးပြုထားတဲ့ 200MP ပင်မကင်မရာ ပါဝင်ပြီး ဒါဟာ ဒီဈေးတန်းမှာ အကြီးစားဆုံး Sensor ဖြစ်တယ်လို့ Honor က အခိုင်အမာ ပြောထားပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးမှာ Autofocus ပါဝင်တဲ့ 12MP ultra-wide ကင်မရာ ပါဝင်ပြီး Pro ဗားရှင်းမှာတော့ Optical Image Stabilization (OIS) ပါဝင်တဲ့ 50MP 3X Telephoto portrait မှန်ဘီလူး အပိုပါဝင်လာပါတယ်။

ရှေ့ဘက်မှာတော့ မော်ဒယ်နှစ်မျိုးစလုံးက 4K ဗီဒီယို ရိုက်ကူးနိုင်တဲ့ 50MP selfie ကင်မရာနဲ့ ပုံတူရိုက်ချက်တွေကို ပိုမိုကောင်းမွန်စေမယ့် 3D depth ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ ဒါ့အပြင် ဘေးဘက်မှာ သီးသန့် ကင်မရာ Shortcut ခလုတ်တစ်ခု ပါဝင်ပြီး မျက်နှာပြင် ပိတ်ထားရင်တောင် ကင်မရာအက်ပ်ကို ချက်ချင်း ဖွင့်နိုင်မှာပါ။

ဒီဖုန်းစီးရီးမှာ 8000mAh ဘက်ထရီ ပါဝင်ပြီး ဒါဟာ ၇.၇၅ မီလီမီတာသာ ရှိတဲ့ ပါးလွှာတဲ့ ကိုယ်ထည်မှာ ထည့်သွင်းထားတဲ့ အတန်းအစားတူ ဖုန်းတွေထဲမှာ အကြီးဆုံး ဘက်ထရီ ဖြစ်တယ်လို့ Honor က ဆိုပါတယ်။ ဒီဖုန်းတွေဟာ 80W ကြိုးတပ် အားသွင်းစနစ်၊ 27W Reverse wired charging နဲ့ 50W ကြိုးမဲ့ အားသွင်းစနစ် (Pro မော်ဒယ်သာ) တို့ကို ထောက်ပံ့ပေးထားပါတယ်။

Honor အနေနဲ့ ဖုန်နဲ့ ရေဒဏ်ခံနိုင်ဖို့ IP68၊ IP69 နဲ့ IP69K အဆင့် သတ်မှတ်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ Pro မော်ဒယ်မှာ Ultrasonic လက်ဗွေရာ စနစ် ပါဝင်ပြီး သာမန်မော်ဒယ်မှာတော့ Optical စနစ်ကို အသုံးပြုထားပါတယ်။

ဈေးနှုန်း

Honor 500:

12GB + 256GB: ၂,၆၉၉ ယွမ် ($၃၈၀)

12GB + 512GB: ၂,၉၉၉ ယွမ် ($၄၂၁)

16GB + 512GB: ၃,၂၉၉ ယွမ် ($၄၆၄)

 

Honor 500 Pro:

12GB + 256GB: ၃,၅၉၉ ယွမ် ($၅၀၆)

12GB + 512GB: ၃,၈၉၉ ယွမ် ($၅၄၈)

16GB + 512GB: ၄,၁၉၉ ယွမ် ($၅၉၀)

16GB + 1TB: ၄,၇၉၉ ယွမ် ($၆၇၅)

 

ဒီဖုန်းတွေကို Moonlight Silver၊ Ocean Blue၊ Starlight Pink နဲ့ Obsidian Black ဆိုပြီး အရောင် ၄ မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက် မနက် ၁၀ နာရီမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: Gizmochina