Huawei ရဲ့ ရောင်းချခြင်းကိုခံရပြီးတဲ့နောက် ပိုင်ရှင်အသစ်ရဲ့လက်ထဲမှာ Honor ဟာ သီးသန့်လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်လာပါတယ်။ ဒါတင်မကဘဲ အမြတ်ထွက်လာတာက အမေရိကန်က Huawei ကို ပိတ်ပင်ထားတဲ့ အချက်အလက်တွေဟာ Honor အမှတ်တံဆိပ်အပေါ်မှာ မသက်ရောက်တော့တာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက Honor ဟာ Google Mobile Service ပါဝင်တဲ့ စမတ်ဖုန်းစီးရီးသစ်ကို မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒီသတင်းထွက်ပြီး ရက်အနည်းငယ်အကြာမှာ Honor ဟာ MediaTek, Qualcomm, Intel နဲ့ AMD တို့လို ကုမ္ပဏီကြီးတွေနဲ့ စီးပွားဖက်အဖြစ် လက်တွဲနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။

ဒီသတင်းကြောင့် လာမယ့် Honor စမတ်ဖုန်းတွေဟာ Google Service တွေရရှိတော့မယ်ဆိုတဲ့ စကားသံက ပိုပြီးကျယ်လောင်လာပါတော့တယ်။ ကုမ္ပဏီအနေနဲ့ တရားဝင်ထုတ်မပြောသေးတာကြောင့် ကောလာဟလအဖြစ် ရှိနေခဲ့ပေမယ့် အခုတော့ Honor ရဲ့ CEO က အနာဂတ် Honor Device တွေမှာ Google Service ပါဝင်မယ်လို့ တရားဝင် အတည်ပြုပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

အနာဂတ် Honor Device တွေမှာ Google Service တွေပါဝင်နိုင်ဖို့အတွက် ကုမ္ပဏီနှစ်ခုဟာ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ကြောင်း South China Morning Post ရဲ့ အင်တာဗျူးတစ်ခုမှာ CEO George Zhao က ဖြေဆိုသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကဖြန့်ချိခဲ့တဲ့ Honor V40 လည်း Google Service နဲ့ Global ဗားရှင်းရရှိမယ်၊ မရရှိဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပဲဖြစ်နေပါတယ်။

Ref: GSM Arena