Honor က သူတို့ရဲ့ မျိုးဆက်သစ် ခေါက်ဖုန်းဖြစ်တဲ့ Magic V6 ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 8 Elite Gen 5 ပရိုဆက်ဆာနဲ့ ကြီးမားတဲ့ 7,150mAh ဘက်ထရီတို့ကို တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ဈေးနှုန်းတွေကတော့ RAM 12GB နဲ့ Storage 256GB မော်ဒယ်ကို ကန်ဒေါ်လာ ၁,၂၅၀ ကနေ စတင်ပြီး အမြင့်ဆုံး 1TB မော်ဒယ်ကို ကန်ဒေါ်လာ ၁,၆၇၀ ဝန်းကျင်အထိ ရှိပါတယ်။

Honor Magic V6

ဒီဖုန်းရဲ့ အဓိကဆွဲဆောင်မှုကတော့ “black diamond screen” လို့ ခေါ်တဲ့ အလွန်ခိုင်ခံ့တဲ့ မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ အပြင်ဘက် မျက်နှာပြင်ဟာ ယခင်မော်ဒယ်တွေထက် ၃ ဆ ပိုမိုခံနိုင်ရည်ရှိပြီး အတွင်းဘက် မျက်နှာပြင်ကလည်း ခေါက်ရာကို ၄၄ ရာခိုင်နှုန်းအထိ လျှော့ချပေးထားတဲ့ “seamless crease” ဒီဇိုင်းကို အသုံးပြုထားပါတယ်။ မျက်နှာပြင်နှစ်ခုစလုံးဟာ အလွန်တောက်ပပြီး မျက်စိကာကွယ်ရေး အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားသလို လွန်စက်နဲ့ ဖောက်တာတောင် မပျက်စီးတဲ့အထိ ခိုင်ခံ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဒီဇိုင်းပိုင်းမှာ အလေးချိန် ၂၁၉ ဂရမ်နဲ့ ခေါက်ထားချိန်မှာ အထူ ၈.၇၅ မီလီမီတာသာ ရှိတဲ့အတွက် လက်ရှိအချိန်အထိ အပေါ့ပါးဆုံးနဲ့ အပါးလွှာဆုံး ခေါက်ဖုန်းတွေထဲမှာ ပါဝင်လာပါတယ်။ ပါးလွှာပေမယ့် ရေအနက် ၄ မီတာအထိ ခံနိုင်ရည်ရှိတဲ့ IP68 နဲ့ IP69 အဆင့် သတ်မှတ်ချက်တွေ ပါဝင်ပြီး ကြီးမားတဲ့ ဘက်ထရီကိုလည်း ထည့်သွင်းပေးထားပါတယ်။ ကင်မရာပိုင်းမှာတော့ 64-megapixel telephoto ကင်မရာနဲ့အတူ AI အကူအညီပါဝင်တဲ့ ဓာတ်ပုံရိုက်ကူးရေး လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

အဲဒီဖုန်းမှာ သတင်းတွေနဲ့ အချိန်ဇယားတွေကို အသိပေးနိုင်မယ့် “AI Intelligence Officer” အပြင် ဘာသာစကား ၁၄ မျိုးကို ပြန်ဆိုပေးနိုင်တဲ့ AI ဘာသာပြန်စနစ်လည်း ပါဝင်ပါတယ်။ ဂြိုဟ်တုကနေတဆင့် စာတိုပေးပို့နိုင်တဲ့ စနစ်နဲ့ 5G ကွန်ရက် အများအပြားကို ထောက်ပံ့ပေးထားပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ Mac, iCloud နဲ့ AirPods စတဲ့ Apple စက်ပစ္စည်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။

Ref : Gizmochina