ခေါက်ချိုးဖုန်းလောကကို ကိုင်လှုပ်လိုက်တဲ့ Honor Magic V6 အကြောင်း ကြားပြီးကြပြီလား။ MWC 2026 ပွဲကြီးမှာ ခမ်းနားစွာ ပွဲထွက်လာတဲ့ ဒီဖုန်းဟာ အပါးလွှာဆုံးဖြစ်ရုံတင်မကဘဲ၊ ရေနဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်ရည် အမြင့်ဆုံး IP69 အဆင့်ကို ရရှိထားတဲ့ ပထမဆုံး ခေါက်ချိုးဖုန်းအဖြစ် စံချိန်တင်လိုက်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာလည်း ပြိုင်ဘက်ကင်းပါပဲ။ နောက်ဆုံးပေါ် Snapdragon 8 Elite Gen 5 ချစ်ပ်ဆက်ကို သုံးထားပြီး အံ့ဩစရာအကောင်းဆုံးကတော့ ခေါက်ချိုးဖုန်းလေးထဲမှာ 6,660mAh ပမာဏရှိတဲ့ ဆီလီကွန်-ကာဗွန် ဘက်ထရီအကြီးကြီးကို ထည့်သွင်းပေးထားတာပါ။ အားသွင်းဖို့အတွက်လည်း 80W ကြိုးတပ်စနစ်နဲ့ 66W ကြိုးမဲ့စနစ်တွေ ပါဝင်တဲ့အတွက် အားကုန်မြန်မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားပေးလိုက်ပါတယ်။

မျက်နှာပြင်တွေအနေနဲ့ အတွင်းဘက်မှာ ၇.၉၅ လက်မအရွယ် LTPO 2.0 AMOLED နဲ့ အပြင်ဘက်မှာ ၆.၅၂ လက်မအရွယ် မျက်နှာပြင်တွေကို တပ်ဆင်ထားပါတယ်။ အဆင့်မြှင့်ထားတဲ့ သံမဏိပတ္တာအသစ်ကြောင့် ခေါက်ရိုးရာထင်တာကို သိသိသာသာ လျှော့ချပေးနိုင်တဲ့အပြင်၊ ဖုန်းကို ဖြန့်လိုက်တဲ့အခါ အထူ ၄ မီလီမီတာလောက်ပဲ ရှိတာမို့ ကိုင်တွယ်ရတာ အလွန်ပေါ့ပါးလှပပါတယ်။
ဓာတ်ပုံဝါသနာရှင်တွေအတွက် ကျောဘက်မှာ 50MP ပင်မကင်မရာ၊ 64MP Periscope Telephoto နဲ့ 50MP Ultrawide ဆိုပြီး ကင်မရာ ၃ လုံး တပ်ဆင်ပေးထားပါတယ်။ နောက်ထပ် သတင်းကောင်းတစ်ခုကတော့ Android 16 အပေါ် အခြေခံထားတဲ့ MagicOS 10 နဲ့ လာမယ့် အဲဒီ Magic V6 စမတ်ဖုန်းကို Software Update ၇ နှစ်အထိ ပေးသွားမယ်လို့ ကုမ္ပဏီက ကတိပေးထားပါတယ်။
အနီ၊ ရွှေ ၊ အဖြူနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။
Ref : gsmarena