DxOMark လို့ ဆိုလိုက်ရင် စမတ်ဖုန်းကင်မရာစွမ်းဆောင်ရည်ကို အကဲဖြတ်အမှတ်ပေးတဲ့ Website တစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမယ့် DxOMark ဟာ စမတ်ဖုန်းတွေရဲ့ Battery စွမ်းဆောင်ရည်ကိုပါ စစ်ဆေးပြီး အဆင့်သတ်မှတ်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။

အခုလည်း DxOMark ကနေ Honor ကနေ နောက်ဆုံးမိတ်ဆက်လိုက်တဲ့ Honor Magic5 Lite ဖုန်းကို Battery အခံဆုံးဖုန်းတွေထဲမှာ နံပါတ် (၁) အဖြစ် သတ်မှတ်ပေးလိုက်ပါပြီ။ Honor Magic5 Lite ဖုန်းဟာ Battery စွမ်းဆောင်ရည်ပိုင်းမှာ ရမှတ် ၁၅၂ မှတ်ရရှိခဲ့ပြီး အခုလို နံပါတ် (၁) နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

DxOMark ရဲ့ သုံးသပ်ချက်အရ Honor Magic5 Lite ဖုန်းဟာ အားသွင်းနှုန်း၊ အားခံနှုန်းအပြင် ပုံမှန်အသုံးပြုမှုတွေမှာ Battery အသုံးခံမှုတွေမှာ အလွန်ကောင်းမွန်တယ်လို့ သိရပါတယ်။ Honor Magic5 Lite ဖုန်းဟာ ပုံမှန်အသုံးပြုမှုမှာ အချိန် ၃ ရက်ကျော်အသုံးပြုနိုင်ပြီး ပြင်းထန်တဲ့အသုံးပြုမှုတွေမှာလည်း အချိန် ၂ ရက်နီးပါး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Honor Magic5 Lite ဖုန်းရဲ့ Battery Efficiency ပိုင်းနဲ့ အားလျော့နှုန်းဟာလည်း အလွန်အားရဖို့ကောင်းတယ်လို့ ဖော်ပြခဲ့ပါတယ်။

Honor Magic5 Lite ဖုန်းဟာ 5100mAh Battery ပါဝင်ပြီး YouTube Streaming ပိုင်းမှာ ၂၄ နာရီ၊ TikTok Browsing ပိုင်းမှာ ၁၉ နာရီနဲ့ ဂိမ်းဆော့တဲ့အချိန် ၁၁ နာရီဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 40W Honor SuperCharge နည်းပညာဟာ အချိန် မိနစ် ၃၀ ခန့်အားသွင်းရုံနဲ့ ၁၂.၅ နာရီဆက်တိုက် Video Streaming ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ DxOMark ဟာ Battery စွမ်းဆောင်ရည်ပိုင်းအတွက် ဖုန်းတွေအကုန်လုံးကို စမ်းသပ်ထားခြင်းမရှိတာကြောင့် အခုလိုမျိုး Honor Magic5 Lite ဖုန်းက နံပါတ် (၁) ရရှိတာဟာ မကြာခင်မှာ ပြောင်းလဲသွားနိုင်ပါတယ်။

Ref – Gizmo China