Honor အနေနဲ့ အရွယ်အစားနဲ့ အလေးချိန်ကို အဓိကထားထုတ်လုပ်ထားတဲ့ Flagship ဖုန်းအသစ် Honor Magic8 Pro Air ကို မိတ်ဆက်ကြေညာလိုက်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ အဆင့်မြင့်ဖုန်းတွေထဲမှာ အပေါ့ပါးဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီဖုန်းဟာ အလေးချိန် ၁၅၅ ဂရမ်သာရှိပြီး အထူက ၆.၁ မီလီမီတာသာ ရှိတာကြောင့် လက်ရှိဈေးကွက်ထဲက အပါးလွှာဆုံး Flagship ဖုန်းတွေစာရင်းမှာ ပါဝင်နေပါတယ်။ ဘေးဘောင်အနားသတ် ၁.၀၈ မီလီမီတာသာရှိတဲ့ ၆.၃၁ လက်မအရွယ် OLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ Honor အနေနဲ့ ဖုန်းအဆင့်အတန်းကို မလျှော့ချဘဲ သေးငယ်တဲ့ဖုန်းမျိုး လိုချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ထင်ရှားပါတယ်။

အပြင်ပိုင်းဒီဇိုင်းအနေနဲ့ကတော့ ကျောဘက်မှာ အလွှာများစွာအုပ်ပြီး ပြုလုပ်ထားတဲ့ သတ္တုသား satin ပုံစံ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ Honor ကတော့ ဒါကို ကားတွေမှာသုံးတဲ့ ဆေးသားတွေနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ အရောင်တွေအနေနဲ့ Fairy Purple ၊ Light Orange ၊ Feather White နဲ့ Shadow Black ဆိုပြီး ရွေးချယ်နိုင်မှာပါ။ ဘောင်ကို အလူမီနီယမ်နဲ့ ပြုလုပ်ထားပြီး ပါးလွှာပေမယ့် ခိုင်ခံ့မှု ပိုကောင်းအောင် လုပ်ထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Honor Magic8 Pro Air ရဲ့ အသေးစိတ်အချက်အလက်များ
စွမ်းဆောင်ရည်ပိုင်းအတွက် MediaTek ရဲ့ Dimensity 9500 chipset ကို သုံးထားပါတယ်။ ဒီလောက်ပါးတဲ့ ဖုန်းတစ်လုံးအတွက် ဘက်ထရီပမာဏ 5,500mAh ပါဝင်တာက တော်တော်များတယ်လို့ ပြောရမှာပါ။ အားသွင်းစနစ်အနေနဲ့ 80W ကြိုးတပ်အားသွင်းစနစ်နဲ့ 50W ကြိုးမဲ့အားသွင်းစနစ်တွေ ရရှိမှာဖြစ်ပါတယ်။ Honor အနေနဲ့ စွမ်းအင်သိပ်သည်းဆ 917Wh/L ရှိတယ်လို့ ဖော်ပြထားပေမယ့် လက်တွေ့အသုံးပြုမှုအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။
ကင်မရာပိုင်းမှာတော့ OIS ပါဝင်တဲ့ 50MP 1/1.3-inch main sensor ၊ ၁၁၂ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 50MP ultra-wide နဲ့ 3.2x optical zoom ဆွဲနိုင်တဲ့ 64MP periscope telephoto ကင်မရာတွေ ပါဝင်ပါတယ်။ Zoom အနီးအဝေးအလိုက် အလင်းကို ချိန်ညှိပေးမယ့် AI flash စနစ်နဲ့ အလင်းနည်းတဲ့နေရာတွေအတွက် strobe-style portrait mode အသစ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

တခြားထူးခြားချက်တွေအနေနဲ့ ရေနဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ IP68/IP69 အဆင့် ၊ စတီရီယို စပီကာတွေ ၊ 3D ultrasonic လက်ဗွေရာအာရုံခံစနစ် ၊ SIM နဲ့ eSIM အသုံးပြုနိုင်မှုတွေ ပါဝင်ပါတယ်။ Peak HDR brightness ကတော့ 6000 nits အထိ ရှိပါတယ်။
ဈေးနှုန်းအနေနဲ့ မော်ဒယ်အနိမ့်ဆုံးကို ယွမ် ၄,၉၉၉ ကနေ စတင်မှာဖြစ်ပြီး အမြင့်ဆုံးမော်ဒယ်က ယွမ် ၅,၉၉၉ အထိ ရှိပါတယ်။ လက်ရှိမှာ ကြိုတင်မှာယူမှုတွေ လက်ခံနေပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဈေးနှုန်း
12GB+256GB – ၄၉၉၉ ယွမ် (ဒေါ်လာ ၇၁၇ ခန့်)
12GB+512GB – ၅၂၉၉ ယွမ် (ဒေါ်လာ ၇၆၀ ခန့်)
16GB+512GB – ၅၅၉၉ ယွမ် (ဒေါ်လာ ၈၀၃ ခန့်)
16GB+1TB – ၅၉၉၉ ယွမ် (ဒေါ်လာ ၈၆၀ ခန့်)
Ref : gizmochina