Honor က Play 70 Plus စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ Snapdragon 6s Gen 3 chipset၊ ကြီးမားတဲ့ 7,000mAh ဘက်ထရီနဲ့ ကြံ့ခိုင်တဲ့ကိုယ်ထည်ဒီဇိုင်းတို့ ပါဝင်တဲ့ mid-range 5G စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
Honor Play 70 Plus မှာ HD+ resolution၊ 120Hz refresh rate၊ DC dimming နဲ့ သဘာဝအလင်းရောင်အတိုင်း ချိန်ညှိပေးတဲ့ mode အပါအဝင် မျက်လုံးကာကွယ်ရေး mode မျိုးစုံပါဝင်တဲ့ ၆.၇၇ လက်မ LCD display ကို သုံးထားပါတယ်။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာစနစ် ပါဝင်ပြီး ဖုန်းရဲ့ဘေးဘက်မှာ memory ရှင်းလင်းတာ၊ အလင်းရောင်ချိန်ညှိတာလို အမြန်လုပ်ဆောင်ချက်တွေအတွက် သီးသန့် AI ခလုတ်တစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။
ဒီဖုန်းမှာ Snapdragon 6s Gen 3 chipset ကို အသုံးပြုထားပြီး ရေရှည်မှာ ချောမွေ့တဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တယ်လို့ Honor က ဆိုပါတယ်။ 7,000mAh ဘက်ထရီကြီး ပါဝင်ပြီး 45W အမြန်အားသွင်းစနစ်နဲ့ တခြားဖုန်းတွေကို ပြန်လည်အားသွင်းပေးနိုင်တဲ့ reverse charging ကိုလည်း support လုပ်ပါတယ်။
ကင်မရာပိုင်းမှာ ဓာတ်ပုံထဲက မလိုချင်တဲ့အရာတွေကို ဖျက်ပေးတာ၊ ပုံကိုအကြီးချဲ့ပေးတာနဲ့ မျက်လုံးကို ပြင်ဆင်ပေးတာလိုမျိုး AI feature တွေပါဝင်တဲ့ 50-megapixel ကျောဘက်ကင်မရာတစ်လုံးကို တပ်ဆင်ထားပါတယ်။ တခြားထူးခြားတဲ့အချက်တွေအနေနဲ့ အသံ ၄ ဆအထိ ကျယ်စေနိုင်တဲ့ dual stereo speaker တွေ၊ NFC နဲ့ Android 15 အခြေခံ Magic OS 9.0 တို့ ပါဝင်ပါတယ်။
ကြံ့ခိုင်မှုပိုင်းအတွက် Play 70 Plus ဟာ Gold Label ကြယ်ငါးပွင့်အဆင့် ပြုတ်ကျဒဏ်ခံနိုင်ရည်ရှိကြောင်း အသိအမှတ်ပြုလက်မှတ် ရထားပါတယ်။ ပြုတ်ကျတဲ့ဒဏ်ကို ပိုခံနိုင်ဖို့အတွက် ဒီဇိုင်းအသစ်ဖြစ်တဲ့ Tai Chi shock absorption structure နဲ့ အားဖြည့်ထားတဲ့ ထောင့်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်နဲ့ရေဒဏ်ကို ခံနိုင်တဲ့ IP65 အဆင့် သတ်မှတ်ချက်လည်း ရရှိထားပြီး လက်စိုနေတဲ့အချိန်မှာတောင် touch ကို တိတိကျကျ အသုံးပြုနိုင်ပါတယ်။
Honor Play 70 Plus ကို မော်ဒယ် ၃ မျိုးနဲ့ ရရှိနိုင်ပြီး ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –
8GB+256GB ကို ယွမ် ၁,၁၉၉ (ဒေါ်လာ ၁၆၅ ခန့်)
12GB+256GB ကို ယွမ် ၁,၃၉၉ (ဒေါ်လာ ၁၉၅ ခန့်)
12GB+512GB ကို ယွမ် ၁,၅၉၉ (ဒေါ်လာ ၂၂၀ ခန့်)
အပြာ၊ အနက်၊ ပန်းရောင်နဲ့ အဖြူဆိုပြီး အရောင် ၄ မျိုးနဲ့ ထွက်ရှိလာပြီး တရုတ်နိုင်ငံမှာ ဩဂုတ်လ ၈ ရက်နေ့ကစပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref : gizmochina