Honor Play 9A အကြောင်း တွစ်တာမှာပေါက်ကြားပြီး နောက်တစ်ရက်မှာပဲ TENAA မှာ အချက်အလက်အချို့နဲ့ မြင်တွေ့ခဲ့ကြရပါတယ်။ ဒါကြောင့် သိပ်မကြာခင် မိတ်ဆက်ဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြတာပါ။ အခုတော့ လာမယ့် မတ်လ ၃၀ ရက်နေ့မှာ တရားဝင် ကြေညာမယ်လို့ သိလိုက်ရပါပြီ။

မတ်လ ၃၀ ရက်နေ့မှာ ကြေညာမယ်လို့ ဆိုလိုက်တာကြောင့် Honor 30S နဲ့ အတူတူ ကြေညာမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ Honor ရဲ့ တရားဝင် Weibo အကောင့်မှာတင်ထားတဲ့ ပို့စ်အရ ဒီဟန်းဆက်ဟာ လူငယ်တွေအတွက် ရည်ရွယ်တယ်ဆိုတာကို သိသာစေပါတယ်။

Honor Play 9A ဟာ ဘက်ထရီစွမ်းဆောင်ရည်ပိုင်းကို အထူးအားစိုက်ထားတယ်လို့ ဆိုနိုင်ပါတယ်။ သတင်းတွေအရတော့ တစ်ကြိမ်အားသွင်းထားပြီးရင် သုံးရက်ကြာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ TENAA မှာမြင်တွေ့ရတာက 4,900mAh ဘက်ထရီနဲ့ဖြစ်ပြီး အကယ်၍သာ သတင်းထွက်ထားတဲ့အတိုင်း MediaTek Helio P35 Chipset နဲ့ဆိုရင်တော့ ဘက်ထရီစွမ်းဆောင်ရည် ကောင်းတယ်ဆိုတာ ဖြစ်နိုင်ပါလိမ့်မယ်။

အခုအချိန်ထိ Honor Play 9A ရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးဆိုပေမယ့် တရုတ်နိုင်ငံရဲ့ စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်တဲ့ပုံအရ ကျောဘက်မှာ ကင်မရာသုံးလုံးကို တွေ့မြင်ရပါတယ်။ ဒါဟာ တွစ်တာမှာ ပေါက်ကြားလာတဲ့ ပုံတွေနဲ့တော့ ကွဲပြားနေတာကို တွေ့ရမှာပါ။

မူလပေါက်ကြားတဲ့ ရုပ်ပုံမှာတော့ ကျောဘက်ကင်မရာက ၂ လုံးထဲဖြစ်ပြီး ဖလက်ရှ်က အလယ်မှာဖြစ်ပါတယ်။ အခု မြင်တွေ့ရတာကတော့ ကင်မရာသုံးလုံး တစ်တန်းတည်းတပ်ဆင်ထားပြီး ဖလက်ရှ်က ကင်မရာအိမ်ရဲ့ ပြင်ပမှာ သီးသန့်ရှိနေတာပါ။ ပြီးတော့ အရှေ့ဘက်မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာလည်း Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးကို တွေ့မြင်ရပါတယ်။

မော်ဒယ်နံပါတ်က AKA-AL10 လို့ သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးတဲ့အတွက် Honor Play 9A ဟာ မူလပေါက်ကြားသတင်းလို ကျောဘက်ကင်မရာ နှစ်လုံး၊ Waterdrop Notch အနေနဲ့ ထွက်လာမလား၊ ဒါမှမဟုတ် ကျောဘက်ကင်မရာသုံးလုံး၊ Punch-hole အနေနဲ့ထွက်လာမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီ ဖြစ်ပါတယ်။

Ref: Gizmochina