Honor က Snapdragon 8 Elite 2 chip သုံးထားတဲ့ Honor Magic 8 နဲ့ Magic 8 Pro ဖုန်းတွေကို ဒီနှစ် အောက်တိုဘာလမှာ မိတ်ဆက်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ကုမ္ပဏီက 200-megapixel (MP) ကင်မရာနှစ်လုံးတပ်ဆင်ထားတဲ့ အမြင့်ဆုံးအဆင့် Ultra တန်းဝင်ဖုန်းတစ်လုံးကို ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
နာမည်ကြီး သတင်းပေးသူတစ်ယောက်ဖြစ်တဲ့ Fixed Focus Digital ရဲ့ အဆိုအရ Honor ဟာ 200MP ကင်မရာနှစ်လုံးပါတဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး ဒါဟာ စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်လာမှာပါ။ ဒီဖုန်းရဲ့ တရားဝင်အမည်ကို မသိရသေးပေမယ့် Honor Magic 8 Ultra ဆိုတဲ့နာမည်က ဖြစ်နိုင်ခြေရှိပြီး Galaxy S26 Ultra, Xiaomi 16 Ultra တို့လို တခြား Ultra မော်ဒယ်တွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ trend တွေအရ ဒီ 200MP ကင်မရာနှစ်လုံးဟာ အဓိကကင်မရာတစ်လုံးနဲ့ periscope telephoto မှန်ဘီလူးတစ်လုံး ဖြစ်နိုင်ခြေများပါတယ်။ Honor Magic7 RSR Porsche Edition, Vivo X200 Ultra နဲ့ Xiaomi 15 Ultra တို့လို ဖုန်းတွေမှာ 200MP periscope telephoto ကင်မရာတစ်လုံးတည်းကို သုံးထားပြီးသားဖြစ်ပြီး အဝေးကပုံတွေကို ဆွဲယူရိုက်ကူးနိုင်စွမ်းနဲ့ အလင်းရောင်နည်းတဲ့အချိန်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။
Honor ဟာ periscope zoom နည်းပညာကို အလေးပေးတဲ့ ကုမ္ပဏီဖြစ်ပြီး “Super Zoom” လိုမျိုး ကိုယ်ပိုင် algorithm တွေနဲ့ AI စွမ်းအားသုံး 100x digital zoom တွေက ပြိုင်ဘက်တွေထက် သာလွန်တဲ့ ပုံရိပ်ကြည်လင်ပြတ်သားမှုကို ပေးစွမ်းနိုင်တဲ့အတွက် အခုထွက်ပေါ်လာမယ့် နည်းပညာသစ်က စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေမှာ ဖြစ်ပါတယ်။
လတ်တလောမှာ Honor ရဲ့ ပုံရိပ်ဖော်ဆိုင်ရာ အင်ဂျင်နီယာချုပ်ဖြစ်တဲ့ Luo Wei က 1-inch sensor သုံးမယ်ဆိုတဲ့ ကောလာဟလတွေကို ပယ်ချခဲ့ပြီး Honor ဟာ မလိုအပ်ဘဲ အင်ဂျင်နီယာပိုင်းကို အလွန်အကျွံလုပ်ဆောင်တာမျိုးကို ရှောင်ကြဉ်ပြီး လက်တွေ့ကျတဲ့ တီထွင်ဆန်းသစ်မှုတွေကိုပဲ အာရုံစိုက်တယ်လို့ ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် သူက လာမယ့် သုံးနှစ်အတွင်းမှာ ပြိုင်ဘက်တွေက Honor ရဲ့ ကင်မရာပိုင်းဆိုင်ရာ တိုးတက်မှုကို လိုက်မီနိုင်မှာမဟုတ်ဘူးလို့လည်း ယုံကြည်မှုရှိရှိ ပြောကြားခဲ့ပါတယ်။
Ref : gizmochina