Honor ဟာ ပိုင်ရှင်ပြောင်းပြီးနောက် လာမယ့် ဇန်နဝါရီမှာ သူတို့ရဲ့ပထမဆုံးစမတ်ဖုန်းကို မိတ်ဆက်လာဖွယ်ရှိပါတယ်။ မူလသန္ဓေတည်ရာ Huawei ဆီက ခွဲထွက်လာရပြီးတဲ့နောက် Honor ရဲ့ ရှေ့ခရီးကို  အတော်များများက စိတ်ဝင်စားပြီး စောင့်ကြည့်နေချိန်ဖြစ်တာကြောင့် Honor V40 ဟာ အခုကတည်းက ရေပန်းစားနေတယ်လို့ ဆိုရမှာပါ။

ကနဦးတုန်းက Honor ဟာ V40 စီးရီးကို ဒီနှစ်ရဲ့ ဒီဇင်ဘာလထဲမှာ မိတ်ဆက်ဖို့ စီစဉ်ထားပေမယ့် ၂၀၂၁ ဇန်နဝါရီလထဲကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီထဲမှာမှ V40 ရဲ့ သတင်းတွေက အတော်လေးကို ထွက်ပေါ်နေပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ V40 ရဲ့ စက်ဝိုင်းပုံစံ ကင်မရာအိမ်ဖွဲ့စည်းပုံနဲ့ ကျောဘက်ဒီဇိုင်းပုံ ပေါက်ကြားလာခဲ့ပါသေးတယ်။

အခုတစ်ခါထွက်လာတဲ့သတင်းက V40 ဟာ စမတ်ဖုန်းမျက်နှာပြင်အတွက်ရနိုင်တဲ့ အမြင့်ဆုံး Touch sampling rate ကို ရရှိမယ်လို့ နာမည်ကျော် Tipster Digital Chat Station က ပြောလိုက်တာ ဖြစ်ပါတယ်။ Xiaomi Black Shark 3 ဂိမ်းမင်းဖုန်းနဲ့ ASUS ROG Phone 3 တို့ဟာ စမတ်ဖုန်းရဲ့ အမြင့်ဆုံး Touch sampling rate ဖြစ်တဲ့ 270Hz ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

ပေါက်ကြားသတင်းသစ်ကတော့ Honor V40 ရဲ့ Touch sampling rate ဟာ 270Hz ထက် ပိုပြီးမြင့်မားနိုင်တယ်လို့ ဆိုပါတယ်။ Tipster ကလည်း V40 မှာ ခုံးကွေးနေတဲ့အနားစွန်းနဲ့အတူ Ultra-clear မျက်နှာပြင်၊ မြင့်မားတဲ့ Refresh rate တွေကို ထောက်ပံ့ပေးမယ်လို့ ရည်ညွှန်းထားပါတယ်။ ဒါပေမယ့် စမတ်ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားနဲ့ပတ်သက်တဲ့ အချက်အလက်တော့ ပါဝင်ခြင်း မရှိပါဘူး။

ယခင်ထွက်ပေါ်ထားတဲ့သတင်းတွေအရဆိုရင်တော့ V40 ဟာ 6.72-inch, 120Hz refresh rate မျက်နှာပြင်လို့ သိထားရပါတယ်။ FHD+ resolution ထောက်ပံ့ပြီး ဘယ်ဘက်အပေါ်ထောင့်မှာ Dual Punch-hole ရှိနေမှာလည်း ဖြစ်ပါတယ်။ Dimensity 1000+ SoC ကို သုံးထားဖွယ်ရှိပြီး 8GB of RAM, 256GB Storage, 4,200mAh ဘက်ထရီ၊ 66W fast charging ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Ref: Gizmochina