ပြီးခဲ့တဲ့အပတ်ကပဲ Honor က X7d 4G စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး အခုအခါမှာတော့ ကုမ္ပဏီက 5G မော်ဒယ်ကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။ Honor က X7d 5G စမတ်ဖုန်းကို မလေးရှားနိုင်ငံမှာ မိတ်ဆက်လိုက်ပြီး ဈေးနှုန်းကို လျှို့ဝှက်ထားဆဲဖြစ်ပေမယ့် ဈေးချိုသာမှာ သေချာပါတယ်။
ဖုန်း အရှေ့ဘက်မှာတော့ 1610 x 720 resolution ရှိတဲ့ ၆.၇၇ လက်မ TFT LCD မျက်နှာပြင် ပါဝင်ပါတယ်။ မျက်နှာပြင်ရဲ့ အမြင့်ဆုံး အလင်းရောင်က 850 nits အထိ ရှိပြီး မျက်စိသက်သာစေတဲ့ နည်းပညာလည်း ပါဝင်တဲ့အတွက် စာဖတ်တာနဲ့ ဗီဒီယိုကြည့်တာတွေ လုပ်တဲ့အခါ မျက်လုံးအတွက် ပိုပြီး သက်တောင့်သက်သာဖြစ်စေမှာပါ။
စွမ်းဆောင်ရည်ပိုင်းမှာတော့ 2.3GHz အမြန်နှုန်းရှိတဲ့ Qualcomm ရဲ့ Snapdragon 6s Gen 3 processor ကို Adreno 619 GPU နဲ့ တွဲဖက်သုံးစွဲထားပါတယ်။ ဒီတစ်ခါမှာတော့ 6GB RAM နဲ့ 128GB storage ဆိုပြီး အမျိုးအစား တစ်မျိုးတည်းပဲ ထုတ်လုပ်ထားပါတယ်။Software ပိုင်းမှာတော့ Android 15 ကို အခြေခံထားတဲ့ Honor ရဲ့ MagicOS 9.0 ကို သုံးစွဲထားပါတယ်။
ကျောဘက်မှာတော့ 50MP ပင်မကင်မရာနဲ့ 2MP depth sensor တို့ပါဝင်တဲ့ ကင်မရာနှစ်လုံးတပ်စနစ်ကို တွေ့ရမှာပါ။ ရှေ့ဘက်မှာတော့ video call တွေခေါ်ဖို့နဲ့ ဓာတ်ပုံအမြန်ရိုက်ဖို့အတွက် 5MP selfie ကင်မရာတစ်ခု ပါဝင်ပါတယ်။
ဒါပေမဲ့ တကယ့်အဓိကအားသာချက်ကတော့ ဘက်ထရီ ဖြစ်ပါတယ်။ Honor က 35W SuperCharge အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးတဲ့ ကြီးမားတဲ့ 6,500mAh dual-cell ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။
တခြားလုပ်ဆောင်ချက်တွေအနေနဲ့ကတော့ dual SIM, 5G, Wi-Fi 5, NFC တို့ ပါဝင်ပါတယ်။ ဒါ့အပြင် Honor က “အသံ ၄၀၀ ရာခိုင်နှုန်း” ကျယ်တယ်လို့ ဆိုထားတဲ့ စပီကာနှစ်လုံး၊ IP65 ရေစိုခံနိုင်စွမ်းနဲ့ ဘေးဘက်လက်ဗွေရာစနစ်တို့လည်း ပါရှိပါတယ်။ ဖုန်းရဲ့အလေးချိန်က ၂၀၆ ဂရမ်ရှိပြီး Velvet Black နဲ့ Desert Gold ဆိုတဲ့ အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Honor က X7d 5G ကို ဘယ်တော့၊ ဘယ်ဈေးနဲ့ ရောင်းချမလဲဆိုတာကိုတော့ မကြေညာသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ပါဝင်ပစ္စည်းတွေအရ ဒါက entry-level 5G ဖုန်းတစ်လုံးဖြစ်တာကတော့ သေချာပါတယ်။ အဲဒီဖုန်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ထပ်ရတာနဲ့ အသေးစိတ်ကို ထပ်မံတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Ref : Gizmochina