တရုတ်မှာ ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းက စတင် ကူးစက်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရက်စ်ဟာ ကမ္ဘာအဝန်းမှာ ကူးစက်နေပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကမ္ဘာ့ အရေးပေါ် အခြေအနေ အဖြစ် ကြေညာခဲ့ပြီး အခုဆိုရင် ကမ္ဘာမှာ ကူးစက်သူ ၄၀,၀၀၀ ဝန်းကျင် ရှိနေပါပြီ။

သိပ္ပံပညာရှင်တွေက လူ့အသက်သေဆုံးစေနိုင်တဲ့ ဒီဗိုင်းရက်စ်ကို ကာကွယ် ကုသဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ အခုတော့ တရုတ် နည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ ဘိုင်ဒူးနဲ့ အလီဘာဘာက Gene Sequencing AI Tools ကို သုံးပြီး ဗိုင်းရက်စ်ကို နှိမ်နင်းဖို့ ပြုလုပ်နေကြပါပြီ။ အလီဘာဘာက AI ကို သုံးပြီး ကိုရိုနာဗိုင်းရက်စ်ကို ခြေရာခံဖို့ Open-sourced Data Platform ၁ ခုကို ဘေဂျင်းက The Global Health Drug Discovery Institute နဲ့ ပူးပေါင်းဖန်တီးနေတယ်လို့ ကြေညာလိုက်ပါတယ်။ အလီဘာဘာက ဗိုင်းရက်စ် ကာကွယ်ဖို့အတွက် Gene Sequencing , Protein Screening နဲ့ တခြား လိုအပ်တာတွေ မြန်မြန် လုပ်ဆောင်နိုင်ဖို့  သူတို့ရဲ့ Tools ကို တခြား အဖွဲ့အစည်းတွေအတွက် ပံ့ပိုးပေးထားပါတယ်။

တရုတ်ရဲ့ အကြီးမားဆုံး ရှာဖွေမှု အင်ဂျင်ကို ဖန်တီးထားတဲ့ ဘိုင်ဒူးကလည်း သူ့ရဲ့ RNA Prediction Algorithm ဖြစ်တဲ့ LinearFold ကို  ကမ္ဘာအဝန်းက မျိုးရိုးဗီဇ စမ်းသပ်တဲ့ အေဂျင်စီတွေ၊ ရောဂါကာကွယ်ရေး စင်တာတွေနဲ့ သိပ္ပံ သုတေသန အဖွဲ့အစည်းတွေကို ပံ့ပိုးပေးထားပါတယ်။ ဘိုင်ဒူးက သူ့ရဲ့ Algorithm ဟာ ကိုရိုနာ ဗိုင်းရက်စ်ရဲ့ RNA Secondary Structure ကို လေ့လာဖို့ အချိန် ၅၅ မိနစ်ကနေ ၂၇ စက္ကန့်အထိ လျှော့ချပေးတယ်လို့ ပြောပါတယ်။

တခြား နည်းပညာ ကုမ္ပဏီတွေကလည်း ဗိုင်းရက်စ်ကို နှိမ်နင်းဖို့ ကူညီပေးနေကြပါတယ်။ Google က Search မှာ ဗိုင်းရက်စ်နဲ့ ပတ်သက်ပြီး အရေးပေါ် သတိပေးတာတွေနဲ့ သတင်းအချက်အလက်တွေကို ပြသပေးနေပါတယ်။ Facebook နဲ့ Instagram က သတင်းအမှားတွေကို အလေးထား ရှာပေးနေပါတယ်။

Ref : tnw