Google Messages App ဟာ အခုဆိုရင် Android ဖုန်းအတော်များများမှာ Default Messaging App အနေနဲ့ ပါဝင်နေပြီဖြစ်ပါတယ်။ တကယ်လို့ Default အနေနဲ့ မပါဘူးဆိုရင်လည်း Play Store ကနေ Android Device တိုင်းမှာ အခမဲ့သွင်းနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Google Messages ဟာ Android ဖုန်းအသုံးပြုသူတွေကြားမှာ အောင်မြင်လာတာကတော့ အသုံးပြုရတာရိုးရှင်းသလို Feature ပိုင်းမှာလည်း စုံလင်တာကြောင့်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Google ကနေ Internet ရှိရုံနဲ့ Google Messages အသုံးပြုသူအချင်းချင်း အခမဲ့ Message ပေးပို့နိုင်တဲ့ RCS Messaging Feature ကိုလည်း မိတ်ဆက်ခဲ့သလို တခြားသော Feature အသစ်တွေကိုလည်း ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။

အခု Article မှာတော့ Google Messages ကို ဖုန်းမှာတင်အသုံးပြုတာမဟုတ်ဘဲ ကိုယ့်ရဲ့ Windows ဒါမှမဟုတ် Mac ကွန်ပျူတာပေါ်မှာပါ အသုံးပြုနိုင်မယ့်နည်းလမ်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး အသုံးပြုဖို့အတွက်လည်း ကွန်ပျူတာပေါ်မှာ Application အနေနဲ့ Install ပြုလုပ်စရာလိုအပ်မှာမဟုတ်ပါဘူး။

အရင်ဆုံးအနေနဲ့ ကွန်ပျူတာမှာရှိတဲ့ ကိုယ်အသုံးပြုနေတဲ့ Web Browser မှာ Google Messages Website ဖြစ်တဲ့ “https://messages.google.com/web/” ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး Google Message For Web ကို ဝင်ရောက်ပြီးပြီဆိုရင်တော့ QR Code တစ်ခုကို တွေ့မြင်ရမှာပါ။

ပြီးရင်တော့ ကိုယ့်ဖုန်းမှာရှိတဲ့ Google Messages App ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်မှာရှိတဲ့ အစက် ၃ စက်ကို နှိပ်ပြီး “Device Pairing” ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ QR Code Scanner ကို ဖွင့်ပြီး အစောပိုင်းက ကွန်ပျူတာပေါ်မှာ ဖွင့်ထားတဲ့ QR Code ကို Scan ဖတ်ပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့ ဖုန်းက Google Messages အတိုင်း ကွန်ပျူတာပေါ်မှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ နောက်တစ်ကြိမ်ဝင်ရောက်တဲ့အချိန်မှာ QR Code ကို ပြန်လည် Scan ဖတ်စရာမလိုအပ်အောင် “Remember this Computer” ကို Enable ပြုလုပ်ထားသင့်ပါတယ်။

တကယ်လို့ ကိုယ်က Microsoft Edge Browser ကို အသုံးပြုနေတယ်ဆိုရင်တော့ Google Messages ကို Browser Menu – Apps – Install This Site As App ကို နှိပ်ပြီး App အနေနဲ့ပါ ပြုလုပ်ထားနိုင်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ကွန်ပျူတာပေါ်မှာ Google Messages ကို အသုံးပြုနိုင်ဖို့အတွက် ကွန်ပျူတာနဲ့ ဖုန်းမှာ အင်တာနက်ရရှိနေဖို့ လိုအပ်မှာဖြစ်ပြီး Message တွေကို ဖတ်ရှုနိုင်သလို၊ Message ပေးပို့မှုတွေအကုန်လုံးကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – Android Central