Google Maps ဟာ ဒီနေ့ခေတ်ရဲ့ အိပ်ဆောင်လမ်းညွှန်မြေပုံဖြစ်နေပါပြီ။ အင်တာနက်ရရှိတဲ့နေရာတိုင်းမှာ Google Maps နဲ့ လိုရာခရီးသွားနိုင်သလို အင်တာနက်မရတဲ့နေရာတွေဆိုရင်လည်း Offline Map အနေနဲ့ အသုံးပြုလို့ရတာက အလွန်ပဲအသုံးဝင်လွန်းလှပါတယ်။

ခြွင်းချက်တစ်ခုရှိတာက Google Maps ပေါ်မှာ မြို့တိုင်း၊ ရွာတိုင်း၊ ထင်ရှားတဲ့အမှတ်အသားတိုင်းကို ရှာလို့မတွေ့နိုင်တာပါပဲ။ ဒီလိုမျိုး ရှာဖွေတွေ့ရှိနိုင်ဖို့က ဒေသတွင်းနေထိုင်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်တွင်းက ရွာတစ်ရွာရဲ့တည်နေရာအမှန်နဲ့ နာမည်အမှန်ကို ဒေသခံမဟုတ်တဲ့၊ အခြားနေရာကလူတစ်ယောက်ယောက်က အမှန်အတိုင်း အတိအကျထည့်သွင်းပေးဖို့ ခက်ခဲပါတယ်။

အခုလိုမျိုး ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကျရောက်နေချိန်မှာ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကူအညီတွေကိုရယူရာမှာ Google Maps ပေါ်က ရပ်ရွာတည်ရှိမှုအမှတ်အသားကလည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။ တချို့ရပ်ရွာတည်ရှိမှုဟာ မြေပြင်မှာအမှန်တကယ်ရှိနေပေမဲ့ မြေပုံပေါ်မှာ (အထူးသဖြင့် Google Maps မှာ) ရှာမတွေ့တာမျိုး ဖြစ်နေတတ်ပါတယ်။

မြေပုံပေါ်က ဒီလိုလစ်ဟာမှုဟာ အကူအညီအတွက် စီမံသူတွေအတွက်ရော၊ အကူအညီရယူနိုင်တဲ့ ဒေသခံတွေအတွက်ပါ အတားအဆီးတစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Google Map မှာ ကိုယ့်ရပ်ကိုယ့်ရွာအကြောင်း အမှတ်အသားလေးတွေကို တစ်နိုင်တစ်ပိုင်တင်နိုင်ရင် အခွင့်အလမ်းကောင်းတွေ၊ အကျိုးအမြတ်ကောင်းတွေကို လမ်းဖွင့်ပေးထားသလို ဖြစ်နေပါလိမ့်မယ်။

Google Maps ပေါ်မှာ Missing place ကိုထည့်မယ်ဆိုရင် အရင်ဦးဆုံး Android ဖုန်း ဒါမှမဟုတ် Tablet မှာ Sign In ဝင်ထားဖို့ လိုပါတယ်။

၁။ ပြီးရင်တော့ Google Maps App ကို ဖွင့်ပြီး အောက်ဆုံး Bar ထဲက Contribute ကို နှိပ်ပါ။

၂။ အထဲရောက်သွားရင် ADD Place ကို နှိပ်ပါ။ Add a place မှာ ကိုယ်ဖြည့်မဲ့ နေရာနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဖြစ်ပေးပါ။

၃။ Location နေရာမှာ မြင်တွေ့ရတဲ့ တည်နေရာပြ စက်ဝိုင်းပုံလေးကိုနှိပ်ပါ။ အောက်က မြေပုံကိုလည်းနှိပ်ပြီး မှန်ကန်တဲ့တည်နေရာဖြစ်အောင်နေရာချပြီး OK နှိပ်ပါ။

၄။ အောက်မှာ Add phone, hours, website စတဲ့ စာတန်းရှိပါတယ်။ အဲဒါကိုနှိပ်ပြီးတော့လည်း မြေပုံပေါ်တင်မဲ့ နေရာ၊ အဆောက်အဦရဲ့ ပြည့်စုံတဲ့အချက်အလက်ကို ဖြည့်သွင်းနိုင်ပါတယ်။

၅။ အားလုံးပြီးရင်တော့ အပေါ်ဆုံးက Add Place ဆိုတဲ့ စာသားဘေးက မြားကလေးကိုနှိပ်ပြီး အချက်အလက်တွေကို ပေးပို့လိုက်ရမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Google ကနေ အတည်ပြုပြီးကြောင်း Message ကို Gmail ကတစ်ဆင့် ပေးပို့လာမှာ ဖြစ်ပါတယ်။

Ref: Google