အခုနောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတချိူ့က Foldable စမတ်ဖုန်းတွေကို မိတ်ဆက်ထားကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ခေါက်ချိုးနိုင်တဲ့ Flip Phone ပုံစံ Foldable ဖုန်းတွေကိုတော့ Samsung နဲ့ Motorola လိုမျိုး ကုမ္ပဏီတွေကပဲ မိတ်ဆက်ထားပါသေးတယ်။

အခုလည်း ကွန်ပျူတာကုမ္ပဏီတစ်ခုဖြစ်တဲ့ HP ကနေ ခေါက်ချိုးနိုင်တဲ့ Design နဲ့ Foldable ဖုန်းကို မူပိုင်ခွင့်ရယူလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ LetsGoDigital ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဘယ်အချိန်မှာ မိတ်ဆက်လာနိုင်မလဲဆိုတာကတော့ မသိရှိရသေးပါဘူး။

HP ဟာ စမတ်ဖုန်းတွေကို ပုံမှန်ထုတ်လုပ်နေကျ ကုမ္ပဏီတစ်ခုမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကပဲ External Monitor နဲ့ ချိတ်ဆက်ပြီး Windows PC တစ်ခုလိုမျိုး အသုံးပြုနိုင်မယ့် HP Elite X3 Windows Phone ကို နောက်ဆုံးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းလောကထဲကို Foldable ဖုန်းနဲ့ ပြန်လည်ဝင်ရောက်လာမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ယခု HP ကနေ မူပိုင်ခွင့်ရယူလိုက်တဲ့ Design အရတော့ အဆိုပါ Foldable ဖုန်းဟာ OLED Display နည်းပညာကို အသုံးပြုထားမှာဖြစ်ပြီး တခြားသော Foldable ဖုန်းတွေနဲ့ မတူညီတဲ့ Hinge Design ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Gizmo China