HTC ရဲ့အမှုဆောင်အရာရှိချုပ်အသစ် Yves Maitre ဟာ အင်တာဗျူးတစ်ခုမှာ ၂၀၂၀ ခုနှစ်က ကုမ္ပဏီအတွက် အရေးပါတဲ့ နှစ်တစ်နှစ်ဖြစ်လာမယ်လို့ ဖြေကြားခဲ့ပါတယ်။ တချိန်က အသင့်အတင့်လူကြိုက်များခဲ့တဲ့ အမှတ်တံဆိပ်ဟာ ပြန်လာနိုင်ဖို့ ကြိုးစားနေပြီး 5G နဲ့ VR နည်းပညာတို့အပေါ် ဈေးကွက်ဖြန့်ကျက်လာမယ်လို့ သတင်းထွက်လာပါတယ်။

2020 ခုနှစ်အတွင်းမှာ HTC ဟာ 5G နဲ့ဆက်စပ်တဲ့ Content တွေကို ထုတ်လုပ်ဖို့ အာရုံစိုက်သွားမှာဖြစ်သော်လည်း ကိုယ်ပိုင် ပထမဆုံး 5G ဟန်းဆက်ကိုပါ ထုတ်လုပ်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် လောလောဆယ် ပိုပြီးအသေးစိတ်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် HTC ဟာ နာမည်ကျော်ချစ်ပ်ဆက်ထုတ်လုပ်သူ Qualcomm နဲ့လည်း ပူးပေါင်းဖို့ရှိကြောင်း သတင်းထွက်ထားတာကြောင့် Flagship အဆင့် စမတ်ဖုန်းကို မြင်ရမလားဆိုတာ ရင်ခုန်စရာပါ။ စမတ်ဖုန်းအပြင် အခုထိ ဈေးကွက်ပီပီပြင်ပြင်ဖြစ်မလာသေးတဲ့ Virtual Reality (VR) ပိုင်းကိုလည်း လုပ်ကိုင်နေဆဲဖြစ်တယ်လို့ သိရကာ သူ့ရဲ့ HTC Vive စီးရီးနဲ့ Vive Cosmos တို့ကို အခြေခံပြီး Mixed/Virtual Reality ဈေးကွက်ကို ဆက်လက်ချဲ့ထွင်ချင်နေတာပါ။

၂၀၂၀ ခုနှစ်အတွင်းမှာတော့ သူတို့ရဲ့ ခြေလှမ်းတွေကို သေချာမြင်ရဖို့ ရှိနေပြီး Yves Maitre က ကုမ္ပဏီဟာ အမြင်ပိုင်းဆိုင်ရာ အတွေ့အကြုံမှာ အကောင်းဆုံး App တွေကို ထုတ်လုပ်ပေးမယ်လို့ ပြောထားပါတယ်။ ဒါ့ကြောင့် HTC ဟာ Software/Hardware နှစ်ပိုင်းလုံးမှာ VR အတွက် အရေးပါတဲ့ ခြေလှမ်းတွေကို ဖန်တီးလာမယ့်သဘောရှိပါတယ်။ လောလောဆယ် VR နဲ့ Augmented Reality ဈေးကွက်တွေ တိုးတက်လာပေမယ့် အသုံးပြုနိုင်တဲ့ Software တွေက နည်းနေတုန်းမို့လို့ပါ။

မကြာခင်မှာ ဒီကွက်လပ်ကိုဖြည့်နိုင်ဖို့ HTC ရဲ့ Cosmos Elite, HTC VIVE Cosmos Play, Cosmos XR နဲ့ VIVE Sync စတဲ့ ထုတ်ကုန်တွေကို မတ်လအတွင်းက စပြီး မိတ်ဆက်လာမယ်လို့ မျှော်မှန်းထားပါတယ်။ Game Developer Conference (GDC) 2020 မှာ သူ့ရဲ့ထုတ်ကုန်တွေကို စတင်မြင်တွေ့ရဖို့ ရှိနေပါတယ်။

Ref – Gizmo China