Huawei ဟာ တရုတ်နိုင်ငံအတွင်းမှာ အကြီးမားဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Huawei ကုမ္ပဏီအနေနဲ့ကတော့ လျှပ်စစ်ကားစျေးကွက်ကို ဝင်ရောက်ခြင်းမရှိသေးပေမယ့် Huawei ကနေ ထောက်ပံ့ပေးထားတဲ့ Aito အမည်ရ ကုမ္ပဏီကနေ တရုတ်နိုင်ငံစျေးကွက်အတွက် ဒုတိယမြောက် လျှပ်စစ်ကားကို မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Aito လျှပ်စစ်ကားအသစ်ဟာ Sport Utility Vehicle (SUV) အမျိုးအစားဖြစ်ပြီး နာမည်ကိုတော့ M7 လို့ ပေးထားတာဖြစ်ပါတယ်။ Design ပိုင်းအနေနဲ့လည်း လက်ရှိ စျေးကွက်အတွင်းမှာ မိတ်ဆက်ပြီးသား လျှပ်စစ်ကားတွေနဲ့ ယှဥ်ပြိုင်နိုင်သလို Feature ပိုင်းမှာလည်း စုံလင်တယ်လို့ သိရပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ Aito M7 လျှပ်စစ်ကားဟာ တရုတ်နိုင်ငံစျေးကွက်အတွင်းမှာ အောင်မြင်မှုရရှိနေတဲ့ Li ONE လျှပ်စစ်ကားနဲ့ တူညီတဲ့ Extended Range Feature ပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ Feature ဟာ ပုံမှန် လျှပ်စစ်ကားတွေမှာပါဝင်တဲ့ Battery ကို Low Displacement Engine ဖြင့် ပေါင်းစပ်ထားမှာဖြစ်ပြီး တကယ်လို့ Battery လုံးဝကုန်သွားတဲ့အချိန်မှာ Engine ကနေ နောက်ထပ် မိုင်အနည်းငယ်ပိုမိုမောင်းနှင်နိုင်စေမှာပါ။

Huawei ဟာ အဆိုပါ Aito M7 SUV အတွက် Design ပိုင်းနဲ့ Marketing ပိုင်းကို တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပြီး Huawei ရဲ့ MD နဲ့ CEO အဖြစ်တာဝန်ယူထားတဲ့ Richard Yu ကိုယ်တိုင် မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ Aito M7 SUB ဟာ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၃၂၀,၀၀၀ ဝန်းကျင် (မြန်မာငွေ သိန်း ၉၀၀ ဝန်းကျင်) မှ စတင်မှာဖြစ်ပြီး အမြင့်ဆုံး ယွမ် ၃၇၉,၈၀၀ (မြန်မာငွေ သိန်း ၁,၀၀၀ ဝန်းကျင်) အထိ ကျသင့်မှာဖြစ်ပါတယ်။ အမြင့်ဆုံး 130kW အားရှိတဲ့ လျှပ်စစ်မော်တာကို တပ်ဆင်ပေးထားပြီး အမြန်ဆုံး 0-100KM/H ကို ၄.၈ စက္ကန့်အတွင်း မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

Range အနေနဲ့ကတော့ Aito M7 ဟာ Rear-wheel Drive အနေနဲ့ 195km မောင်းနှင်နိုင်မှာဖြစ်ပြီး Four-wheel Drive Option ကတော့ 165km ခန့် မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Low Displacement Engine နဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ အမြင့်ဆုံး 1,220km အထိ မောင်းနှင်နိုင်စေမှာဖြစ်ပါတယ်။ Software Experience ပိုင်းမှာ Huawei ရဲ့ HarmonyOS ကို အသုံးပြုထားတာကြောင့် ပုံမှန်ထက် အသုံးပြုတဲ့အချိန်မှာ ပိုမို လွယ်ကူပြီး Feature စုံလင်မှာဖြစ်ပါတယ်။

Aito M7 လျှပ်စစ်ကားတွေဟာ လာမယ့် သြဂုတ်လအစောပိုင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး တခြားသောနိုင်ငံတွေမှာပါ ရောင်းချသွားမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China