Huawei က Developer Conference မှာ လက်ပ်တော့ ၂ လုံးကို ကြေညာလိုက်ပါတယ်။ အဲဒီထဲက ၁ လုံးက Huawei MateBook X ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင် အရမ်းပါးလွှာတဲ့ ဒီဇိုင်းက အရမ်းလှပါတယ်။ ၁၃ လက်မ 3000x2000p ထိတွေ့မျက်နှာပြင် ထည့်သွင်းထားပြီး 100% sRGB Coverage နဲ့ 400 nits of Brightness ကို ထောက်ပံ့ထားပါတယ်။

Full-sized Keyboard တပ်ဆင်ထားပြီး Key Travel က ၁.၃ မီလီမီတာရှိပါတယ်။ Trackpad က အရင်မျိုးဆက် MateBook X ထက် ပိုကြီးပြီး Apple MacBook နဲ့ ဆင်တူပါတယ်။ Keyboard ဟာ ဘယ်နဲ့ ညာ အစွန်းအထိ ရောက်နေတဲ့အတွက် စပီကာတွေကို Shift Key ၂ ခုအောက်မှာ တပ်ဆင်ထားတာက ဒီဇိုင်း ဆန်းပါတယ်။ Huawei ရဲ့ ဖက်ရှင်အတိုင်းပဲ Webcam ကို Keyboard ရဲ့ ထိပ်ဆုံးက အတန်းမှာ ခလုတ် ၁ ခုလို ဟန်ဆောင်ကာ ထည့်သွင်းထားပါတယ်။ အရှေ့ဘက် ထောင့်စွန်းမှာ မိုက်ကရိုဖုန်း ၂ လုံး တပ်ဆင်ထားပါတယ်။

MateBook X ရဲ့ အထူက ၁၃.၆ မီလီမီတာနဲ့ အလေးချိန်က ၁ ကီလိုဂရမ်ပဲရှိတဲ့အတွက် အရမ်းပါးလွှာ ပေါ့ပါးပါတယ်။ ပါးလွှာကျစ်လစ်ပေမယ့် USB-C Port ၂ ခုနဲ့ 3.5mm Headphone Jack တွေ ပါလာပါတယ်။ 42Wh ဘက်ထရီ ထောက်ပံ့ထားပြီး အားအပြည့်သွင်းထားရင် Full HD ဗီဒီယိုတွေကို ၉ နာရီလောက် ကြည့်နိုင်တဲ့အတွက် ဘက်ထရီ သက်တမ်းလည်း လန်းပါတယ်။

အဓိက ကျတဲ့ CPU အကြောင်းပြောရရင် 10th Gen Intel Core i5 or Core i7 တွေ ရွေးချယ်နိုင်ပြီး 16GB RAM ပါပါတယ်။ ပန်ကာမပါတဲ့ ဒီဇိုင်း ဖြစ်ပြီး Vapor Chamber ၁ ခု၊ Graphite Layers များစွာနဲ့ CPU ရဲ့ အပူချိန်ကို လျှော့ချပေးပါတယ်။ WiFi 6 ပါတဲ့ Huawei ရဲ့ ပထမဆုံး လက်ပ်တော့ အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ EMUI 10 ပါတဲ့ Huawei , Honor တွေရဲ့ Second Screen အနေနဲ့ လက်ပ်တော့ကို သုံးနိုင်ပါတယ်။

Windows 10 Home မောင်းနှင်ထားပြီး Silver , Green , Blue နဲ့ Pink ၄ ရောင် ထုတ်လုပ်ထားပါတယ်။ Core i5 မော်ဒယ်ကို ၁,၅၉၉ ယူရိုနဲ့ Core i7 မော်ဒယ်ကို ၁,၇၉၉ ယူရို သတ်မှတ်ထားပြီး အောက်တိုဘာလမှာ ရောင်းမှာပါ။ မြန်မာငွေ ၂၅ သိန်း ၂ သောင်းနဲ့ ၂၈ သိန်း ၄ သောင်းလောက် အသီးသီး ကျသင့်ပါတယ်။

Ref : gsmarena