Huawei ကတော့ P40 တွေကို အောင်မြင်စွာနဲ့ မိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အွန်လိုင်း အမေးအဖြေပြုလုပ်ခဲ့တဲ့ Huawei CEO Richard Yu က ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု ဖြစ်ခဲ့ပေမယ့်လည်း P40 တွေ ဖြန့်ချိကို မထိခိုက်ရတဲ့ အကြောင်းရင်းဟာ ဘာကြောင့်လဲဆိုတာကို ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် Yu ဟာ Huawei Mobile Service အကြောင်း၊ ကိုရိုနာဗိုင်းရပ်နဲ့ပတ်သက်တဲ့ အခြေအနေအကြောင်း၊ Voice assistant သစ် Celia အကြောင်းတွေကိုပြောဆိုသွားတဲ့အပြင် ကိုရိုနာပြဿနာဟာ Huawei P40, Huawei P40 Pro နဲ့ Huawei P40 Pro+ တို့ ရရှိနိုင်မှုအပေါ်လည်း သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီကြီးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုမဖြစ်ပေါ်ခင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက P40 အစိတ်အပိုင်းထုတ်လုပ်မှုတွေကို ဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့် ထောက်ပံ့မှုကွင်းဆက်နဲ့ပတ်သက်ပြီး အနှောင့်အယှက်မဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဝယ်လိုအားနဲ့ပတ်သက်ပြီးတော့လည်း “အိမ်မှာနေပြီး အလုပ်လုပ်တဲ့လူတွေ၊ လေ့လာသင်ကြားတဲ့လူတွေအနေနဲ့ Laptop တွေ၊ Tablet တွေကို ပိုပြီး လိုချင်လာကြမှာဖြစ်ကြောင်း၊ Huawei P40 မိသားစု အပါအဝင် စမတ်ဖုန်းလုပ်ငန်းကလည်း ယေဘုယျအားဖြင့် အပါအဝင်ဖြစ်ကြောင်း၊ အခုအချိန်မှာ လူတွေဟာ သူတို့ရဲ့စမတ်ဖုန်းတွေကို ပိုပြီးအသုံးပြုနေချိန်ဖြစ်ကြောင်း” Yu က ဆိုပါတယ်။

Huawei ဟာ P40 တွေကို ထုတ်လုပ်ရာမှာ ပြီးခဲ့တဲ့ Flagship တွေလိုမဟုတ်ဘဲ အမျိုးအစား သုံးမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ဒါဟာ ပိုပြီးကျယ်ပြန့်တဲ့ သုံးစွဲသူအမျိုးအစားကို ဦးတည်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် P40 Pro+ ဟာ ထုတ်လုပ်မှုစရိတ် အလွန်မြင့်မားတဲ့ စမတ်ဖုန်းဖြစ်တာကြောင့် လူတန်းစားအားလုံးအတွက် ဖြစ်မှာမဟုတ်ဘူးလို့လည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

Ref: GSM Arena