ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လိုအပ်သည့်နေရာများအား လှူဒါန်းမှုများပြုလုပ်နေသည့် ရန်ကုန်အခြေပြု ပရဟိတအဖွဲ့ Clean Yangon နှင့် Huawei တို့ ပူးပေါင်းပြီး ဒလမြို့နယ်ရှိ အိမ်ခြေ (၅၀၀) အတွက် တန်ဖိုးငွေကျပ်(၇၅) သိန်းရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို လှူဒါန်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့နှံ့နေသည့် ကာလအတွင်း မြန်မာလူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကူညီပံ့ပိုးပေးရန် ရည်ရွယ်ချက်ဖြင့် Huawei Myanmar သည် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ Mask နှင့် အခြားသော လူသုံးကုန်ပစ္စည်းများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် COVID-19 ၏ ဒုတိယလှိုင်းမှ ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ခံစားနေရဆဲဖြစ်ပြီး ပျံ့ပွားနေသည့် COVID-19 ကို ကာကွယ်တိုက်ဖျက်ရန် နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက Stay-at-Home အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များတွင် စည်းကမ်းချက်များကို တင်းကြပ်စွာ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးလုပ်ငန်းအများစုသည် ယခုကူးစက်ရောဂါပြန့်ပွားသည့် ကာလအတွင်း ရပ်တန့်ထားလျက်ရှိသလို သြဂုတ်လမှ ချမှတ်ထားသည့် lock down စည်းမျဉ်းစည်းကမ်းများကြောင့် အလုပ်လက်မဲ့နှုန်းကို တိုးမြှင့်လာစေပြီး အိမ်ထောင်စုများအတွင်း ဝင်ငွေမရှိမှုကို မြင့်မားလာစေသည်။

ထို့ကြောင့် Huawei သည် တာဝန်သိကုမ္ပဏီတစ်ခုအနေဖြင့် AI နည်းပညာအကူအညီ၊ ဆက်သွယ်ရေးဖုန်းများနှင့် ရောဂါကာကွယ်ရေး အသုံးအဆောင်များကို ထောက်ပံ့ပေးလျက်ရှိပြီး COVID-19 ကာကွယ်တားဆီး တိုက်ဖျက်ရေးတွင် မြန်မာအစိုးရနှင့်အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် Huawei သည် COVID-19 ဒုတိယလှိုင်းကြောင့် စားဝတ်နေရေးအတွက် နေ့စဉ်အခက်အခဲများနှင့် ရုန်းကန်လှုပ်ရှား နေရသူများကို ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က လိုအပ်တဲ့အရာတွေကို ပံ့ပိုးပေးပြီး အစိုးရနဲ့အတူ COVID-19 တိုက်ဖျက်ရေးမှာ အစောပိုင်းကတည်းက ပါဝင်လုပ်ဆောင်နေပါတယ်။ ဒီတစ်ခေါက်ကတော့ ပြည်သူအကျိုးပြုလုပ်ငန်းများကို ပိုမိုအဓိကထားဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် Clean Yangon နဲ့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရစ် ပျံ့ပွားမှုကြောင့် အလုပ်အကိုင်မရှိဘဲ ဝင်ငွေအခက်အခဲဖြစ်နေတဲ့သူတွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။” ဟု Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Ding Zhaoyi ကပြောကြားခဲ့သည်။ “ဒီလှူဒါန်းမှုဟာ မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေရတဲ့အပူတွေကို အချိန်အတိုင်းအတာတစ်ခုထိ လျော့ကျသွားစေမယ်လို့ မျှော်လင့်ပါတယ်။” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

Clean Yangon မှ ပြောရေးဆိုခွင့်ရှိသူ ကိုဇေယျာထွန်းက “Huawei ရဲ့ လူထုအကျိုးပြု လှုပ်ရှားမှု အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ Care Myanmar အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်တဲ့အပြင် ဒီအလှူကို အထမြောက်အောင်လုပ်ပေးခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီလို ပြည်သူတွေအတွက် ရည်ရွယ်ပြီး လှူဒါန်းမှု ပြုလုပ်တဲ့အတွက် ၂၀၂၁ မှာ Huawei Myanmar နဲ့တကွ ဝန်ထမ်းတွေဆီကို ကောင်းခြင်းမင်္ဂလာတွေကျရောက်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နောက်နောင်မှာလည်း Huawei Myanmar အနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေအများကြီးလုပ်နိုင်ပါစေလို့လည်း ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။” ဟုပြောကြားခဲ့သည်။

မကြာသေးမီက Huawei Myanmar သည် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကြား ဆက်သွယ်ရေး ပိုမိုကောင်းမွန် လာစေရန်နှင့် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ထပ်မံပြန့်ပွားမှုကို ထိန်းချုပ်ရာတွင် လွယ်ကူမြန်ဆန် လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအောက်ရှိ Covid-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးညှိနှိုင်းရေးကော်မတီသို့ စုစုပေါင်း မြန်မာကျပ်ငွေ ၁၁,၉၀၀,၀၀၀ တန်ဖိုးရှိ Huawei Y5P ဖုန်း အလုံးရေ (၁၀၀) ကို လှူဒါန်းခဲ့သည်။

Huawei သည် ဆက်သွယ်ရေးပိုမိုကောင်းမွန်သော ကမ္ဘာကြီးတည်ဆောက်နိုင်ရန် ရည်သန်ပြီး ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) ၏ လိုအပ်ချက်များကို ပံ့ပိုးပေးသူအဖြစ် ဦးဆောင်ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ Huawei ၏ ဦးစားပေး လုပ်ဆောင်မှုများထဲမှတစ်ခုမှာ လူမှုအသိုင်းအဝိုင်းတိုးတက်ဖွံ့ဖြိုးမှုကို အားပေးကူညီရေးနှင့် လိုအပ်သည့်အခါ ကယ်ဆယ်ရေးအကူအညီများ ပေးနိုင်ရေးတို့ဖြစ်သည်။ ပြီးခဲ့သည် ဇူလိုင်လတွင် Huawei Myanmar သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြေပြင်ဆက်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ပြီး ပိုမို ကောင်းမွန်မြန်ဆန်သည့် ဆက်သွယ်မှုများ၊ ဆန်းသစ်သည့် နည်းပညာများ၊ အရေးပေါ် လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် တို့အတွက် ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး AI ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ၊ ဗီဒီယို ဆွေးနွေးပွဲစနစ်နှင့် စမတ်ဖုန်းများကို လှူဒါန်းခဲ့သည်။

Source – HUAWEI