လူသိများတဲ့ Consumer Electronic Maker ကြီးဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းကြုံတွေ့ခဲ့ရတဲ့ စီးပွားရေးဆိုင်ရာ ထိုးနှက်မှုဒဏ်ကို လာမယ့်နှစ်မှာလည်း ဆက်လက်ပြီးခံစားရဦးမှာ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ အစီရင်ခံစာသစ်အရ Huawei ဟာ လာမယ့် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာဈေးကွက်ဝေစုမှာ ၄% ကျဆင်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

တရုတ်အခြေစိုက် ဧရာမနည်းပညာကုမ္ပဏီကြီးဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးစမတ်ဖုန်းထုတ်လုပ်သူတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း Huawei ဟာ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ ၁၄% ကိုပဲ ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း BusinessStandard ရဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။ ကုမ္ပဏီကို ပိတ်ဆို့မှုတွေဆက်လက်ပြုလုပ်နေခြင်းက အခုလိုမျိုး အကြီးအကျယ်ကျဆင်းရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ TrendForce က သုတေသီတွေကလည်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့် Huawei ရင်ဆိုင်နေရတဲ့ပြဿနာတွေထဲမှာ အဓိက Chip တင်သွင်းသူ TSMC ရဲ့အထောက်အပံ့ကို လက်လွှတ်လိုက်ရတာကလည်း ထိချက်ပြင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အခြား ထောက်ပံ့ရေးကွင်းဆက်တွေမှာလည်း နှောင့်ယှက်ခံနေရတာလည်း ဖြစ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းဆိုင်ရာမှာ ကန့်သက်ချက်တွေရှိလာတာကလည်း နောက်ထပ်ထိုးစိုက်လိုက်တဲ့ ဓါးတစ်လက်ပဲ ဖြစ်ပါလိမ့်မယ်။

ပိတ်ဆို့မှုတွေက ရုန်းထွက်နိုင်ဖို့အတွက် Huawei အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ကြိုးပမ်းနေပြီး၊ မကြာခင်ကလည်း သူ့ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကို ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။ Huawei ရင်ဆိုင်နေရတာဟာ ပိတ်ဆို့ခံရခြင်းတစ်ခုတည်းမဟုတ်ပါဘူး။ ဈေးကွက်တွင်းဖြစ်ပေါ်လာတဲ့ကွက်လပ်တွေကို အခွင့်ကောင်းယူပြီးသိမ်းပိုက်သွားမယ့် Xiaomi, OPPO နဲ့ အခြားတရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေတွေလည်း ရှိနေပါသေးတယ်။ လက်ရှိအချိန်အထိကတော့ Huawei အတွက် စိတ်ပျက်စရာကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်နေပေမယ့် ကုမ္ပဏီအနေနဲ့ ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina