တရုတ် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဟာ Smart Car solution ပိုင်းမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပုံရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ သူတို့ဟာ ကုန်ကျစရိတ်သက်သာတဲ့ LiDAR နည်းပညာကို တီထွင်ဖို့ ကြိုးစားနေတယ်လို့ ကုမ္ပဏီရဲ့ Auto ဌာနခွဲ အကြီးအကဲ Wang Jun က ဆိုပါတယ်။

“ကုမ္ပဏီအနေနဲ့ အနာဂတ်မှာ အဆင့်မြင့် 5G နည်းပညာကို အသုံးပြုခြင်းအားဖြင့် ရေဒါအာရုံခံကိရိယာတွေအတွက် အသုံးပြုရမယ့်ကုန်ကျစရိတ်ကို ဒေါ်လာ ၁၀၀ လောက်လျှော့ချလာနိုင်မယ်” လို့ အဆင့်မြင့်အရာရှိတစ်ဦးကလည်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ LiDAR အာရုံခံအစိတ်အပိုင်းတွေရဲ့ ပျမ်းမျှဈေးဟာ အမေရိကန်ဒေါ်လာ ၄၀၀ ကနေ ၅၀၀ ကြားရှိနေတာပါ။ ဒါကြောင့် Huawei ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ သူတို့အမှတ်တံဆိပ်အတွက်သာမကဘဲ ဉာဏ်ရည်မြင့်စမတ်ကား ထုတ်လုပ်မှုနယ်ပယ်အတွက်လည်း အရေးပါတဲ့ လုပ်ရပ်လို့ ဆိုရပါလိမ့်မယ်။

Huawei ဟာ ကိုယ်တိုင် ကားထုတ်လုပ်ခြင်းမရှိပေမယ့်လည်း သူတို့ရဲ့ ဆက်သွယ်ရေးနဲ့ ICT လို နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို မော်တော်ကားထုတ်လုပ်သူတွေဆီ ဈေးပြိုင်စနစ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ LiDAR နည်းပညာဟာ အခြေခံအားဖြင့် “အလင်းကို ထောက်လှမ်းရှာဖွေခြင်းနဲ့ အကွာအဝေးသတ်မှတ်ခြင်း” ဖြစ်ပါတယ်။ အဓိကအားဖြင့် သတ်မှတ်ချက်တစ်ခုကနေ အကွာအဝေးကို တိုင်းတာဖို့ လေဆာကို အသုံးပြုတာ ဖြစ်ပါတယ်။

ဝူဟန်မြို့မှာ နည်းပညာဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းဦးရေ တစ်သောင်းကျော် ခန့်ထားပြီး LiDAR နည်းပညာကို အချိန်တိုအတွင်း၊ ကုန်ကျစရိတ် နည်းနည်းနဲ့ ထုတ်လုပ်နိုင်ဖို့ ဦးတည်ထားတယ်လို့လည်း သိရပါတယ်။

Ref: Gizmochina