Huawei က ကုမ္ပဏီရဲ့ ပထမဆုံး OLED TV ကို ကြေညာလိုက်ပြီး Vision X65 လို့ နာမည်ပေးထားပါတယ်။ ၆၅ လက်မ OLED Panel ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ HDR လုပ်ဆောင်ချက်ပါပြီး အမြင့်ဆုံးအနေနဲ့ 1,000 nits Brightness ထုတ်လုပ်ပေးနိုင်ပါတယ်။ Huawei က မျက်လုံး ကာကွယ်ပေးတဲ့ German TUV Rheinland Certification ရတဲ့ ကမ္ဘာ့ အရွယ်အစား အကြီးမားဆုံး မျက်နှာပြင်လို့ ပြောပါတယ်။

TV မှာ 75W ထုတ်လုပ်ပေးတဲ့ စပီကာ ၁၄ လုံး ထည့်သွင်းထားတဲ့အတွက် အသံထွက်က လန်ထွက်နေမှာပါ။ မျက်နှာပြင်အထက်မှာ 24MP မြင်ကွင်းကျယ် Pop-up ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Video Calls အတွက် သုံးနိုင်ပါတယ်။ Huawei ကိုယ်တိုင်ထုတ်တဲ့ HiSilicon Hi3559C Chip မောင်းနှင်ထားပြီး AI Computing နည်းပညာ ပါပါတယ်။

ကင်မရာကို လက်ဟန် ခြေဟန် ပြပြီး Audio နဲ့ Video ကို ထိန်းချုပ်နိုင်ပါတယ်။ Custom Honghu 898 Chip က AI Algorithm ကို သုံးပြီး OLED မျက်နှာပြင်မှာ ရုပ်ထွက် ပိုကောင်း‌အောင် အထူး ပြုလုပ်ပေးပါတယ်။ 6GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားပါတယ်။

၂၄,၉၉၉ ယွမ် သတ်မှတ်ထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ မြန်မာငွေနဲ့တွက်ရင် သိန်း ၅၀ လောက်ရှိပါတယ်။  ၂၆ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပြီး Huawei ဟာ Vision X65 အပြင် Vision V55i TV ရဲ့ မော်ဒယ် အသစ်ကိုပါ ကြေညာခဲ့ပါတယ်။

Ref : gsmarena