၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယသုံးလပတ်က နောက်မှာကျန်ခဲ့ပြီဖြစ်ပေမယ့် လေ့လာသုံးသပ်သူတွေရဲ့ အစီရင်ခံစာတွေက အခုမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က Canalys ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာပြီး Huawei ဟာ Samsung ကို ကျော်တက်ပြီး ပထမနေရာ ရယူနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အခြား အေဂျင်စီနှစ်ခုဖြစ်တဲ့ Counterpoint Research နဲ့ Omdia တို့ကလည်း Canalys ရဲ့ ဖော်ပြချက်အတိုင်းပဲ ဒုတိယသုံးလပတ်မှာ Huawei ဟာ Samsung ကို ကျော်တက်သွားပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒီအေဂျင်စီနှစ်ခုက Samsung ဟာ COVID-19 ကူးစက်ရောဂါရဲ့ ဂယက်ကြောင့် အများဆုံးထိခိုက်နစ်နာသူဖြစ်ခဲ့ပြီး နှစ်စဉ်ရောင်းအား ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ ဖော်ပြကြပါတယ်။

Omdia ရဲ့ နံပါတ်တွေအရ Huawei ကလွဲရင် Top 10 ဝင် ကျန်ကုမ္ပဏီတွေဟာ ဒုတိယနှစ်ဝက်မှာ ၂၀၁၉ နဲ့နှိုင်းယှဉ်ရင် တင်ပို့ရောင်းချနှုန်း ကျဆင်းခဲ့တာကို ဖော်ပြနေပါတယ်။ အခြားတစ်ဖက်မှာတော့ Samsung နဲ့ Realme ကလွဲပြီး ကျန်တဲ့ကုမ္ပဏီတွေဟာ ပထမသုံးလပတ်မှာ ကိန်းဂဏန်းတွေ မြင့်တက်အောင် စီမံနိုင်ခဲ့ကြပါတယ်။

Counterpoint က Varun Mishra ကတော့ တရုတ်ဈေးကွက်ဟာ ပိုကောင်းမွန်ပြီး ကမ္ဘာတစ်ဝန်းလုံးရောင်းအားရဲ့ ၃၁ ရာခိုင်နှုန်းရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကိုကြည့်ရင်တော့ ကုမ္ပဏီတွေဟာ ဧပြီလမှာ အကြီးမားဆုံး ထိခိုက်မှုဖြစ်ခဲ့ပြီး မေလနဲ့ ဇွန်လတွေမှာတော့ တင်ပို့မှုတွေ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ်။

Counterpoint က ညွှန်ပြနေတဲ့နောက်တစ်ချက်က 5G ဈေးကွက်ကို အသေးစိတ်ကြည့်ဖို့ပါ။ LTE ဖုန်းတွေ ဝယ်လိုအားကျဆင်းသွားပေမယ့် မျိုးဆက်သစ် ဟန်းဆက်တွေအပေါ် စိတ်ဝင်စားမှုကတော့ တိုးမြင့်လာတာပါ။ ယေဘုယျအားဖြင့်ထိုးဖောက်မှုဟာ (၂၀၂၀ ပထမသုံးလပတ်တုန်းက ၇ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့်) အခုအချိန်မှာတော့ ၁၁ ရာခိုင်နှုန်း ဖြစ်နေပြီး၊ ဒီအပြောင်းအလဲရဲ့ အဓိကတွန်းအားဟာ တရုတ်ဈေးကွက်ဖြစ်နေတာကို တွေ့မြင်ရပါတယ်။

Ref: GSM Arena