အနာဂါတ်နည်းပညာအသစ်အဆန်းတွေကို လက်တွေ့သုံးစွဲနိုင်တဲ့ထိ ယူဆောင်လာရတာက စိတ်လှုပ်ရှားစရာကောင်းသလောက် ငွေကုန်ကြေးကျလည်းများပြီး စွန့်စားရပါတယ်။ အခုနှစ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်လာရတဲ့ Foldable စမတ်ဖုန်းတွေဟာလည်း Research & Develop အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ ဈေးကွက်ထဲမှာ ကိုင်တွယ်သုံးစွဲလာနိုင်တာပါ။ ဒါ့ကြောင့် သုံးစွဲသူတွေလက်ထဲမရောက်ခင် အများကြီးရင်းနှီးထားရမယ် ဆိုတာလည်း အားလုံးအသိပါပဲ။

ယနေ့မှာ Huawei နည်းပညာကုမ္ပဏီရဲ့ CEO တစ်ဦးဖြစ်တဲ့ Yu Chengdong မှ ယခုနှစ်ဖေဖော်ဝါရီလမှာ Mate Xs စမတ်ဖုန်း စတင်ရောင်းချခဲ့စဉ်ကနေ အခုထိဆိုရင် ဒီဖုန်းအတွက် ဒေါ်လာသန်း ၆၀ ကနေ ၇၀ ကြားထိ အရှုံးပေါ်ထားပြီး ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဒီဖုန်းရဲ့ဈေးဟာ တရုတ်ယွမ် ၁၆၉၉၉ (မြန်မာငွေ ၃၄ သိန်းကျော်) တောင် ရှိနေပေမယ့် ဒီဖုန်းကိုထုတ်လုပ်ဖို့က အများကြီးပိုကုန်ကျခဲ့တယ်လို့ ဆိုလိုက်တာပါ။

သူ့ရဲ့ထုတ်ဖော်ပြောကြားချက်ဟာ ပုံမှန်အားဖြင့် စမတ်ဖုန်းထုတ်လုပ်မှုဈေးကွက်ထဲမှာ ဖွင့်ဟပြောကြားလေ့မရှိတဲ့ အကြောင်းအရာဖြစ်တာကြောင့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါ့အပြင် စမတ်ဖုန်းကုမ္ပဏီကြီးတွေအနေနဲ့ ဈေးကွက်ရဲ့ ဦးဆောင်သူဖြစ်ဖို့ ဘယ်လိုငွေကြေးပမာဏကို ရင်းနှီးပြီး အလောင်းအစားပြုလုပ်ရတယ်ဆိုတာကို အနည်းငယ် သိရှိခွင့်ရခဲ့တာပါပဲ။

Mate X စမတ်ဖုန်းကို ၂၀၁၉ ခုနှစ် အစောပိုင်းက MWC ပွဲတော်မှာတင် သူများထက်နောက်မကျရအောင် ထုတ်ဖော်ပြသခဲ့တာပါ။ ဒါပေမယ့် Prototype အဆင့်သာရှိခဲ့တာကြောင့် တကယ်တမ်းဈေးကွက်ထဲရောက်ဖို့ လနဲ့ချီပြီး ထပ်စောင့်ခဲ့ရပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလမှာ အရင်ဆုံးစတင်ရောင်းချခဲ့ပေမယ့် တရုတ်ဈေးကွက်ထဲမှာသာ ကန့်သတ်ရောင်းချခဲ့တာပါ။

၂၀၂၀ နှစ်စမှာတော့ Mate Xs ကို မျိုးဆက်သစ်အဖြစ် ပိုသစ်လွင်တဲ့ ချစ်ပ်ဆက်နဲ့ 5G ထောက်ပံ့မှုတွေ ပါဝင်လာပြီး ထပ်မိတ်ဆက်လာခဲ့ကာ နိုင်ငံတကာဈေးကွက်အချို့ကိုပါ မြန်မြန်ဆန်ဆန် ဖြန့်ချိလာနိုင်ခဲ့တာ တွေ့ရပါတယ်။ အခုချိန်မှာ Foldable ဖုန်းတွေရဲ့ ဈေးကွက်က မရင့်ကျက်သေးပေမယ့် သူတို့ရဲ့ရလဒ်တွေကို အခြေခံပြီး အချိန်တိုအတွင်း ပိုမိုတိုးတက်လာမှာတော့ အမှန်ပါပဲ။

Ref – GSM Arena