Huawei ဟာ Kirin 9000 chipset သုံး Mate 40 စီးရီးကို အောင်အောင်မြင်မြင်နဲ့မိတ်ဆက်ပြီးသွားတဲ့အခါ နောက်ထပ် ပွဲထုတ်ခဲ့တဲ့ SoC သစ်ဟာ Kirin 9000E ပဲဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီး တရားဝင်မကြေညာခဲ့တဲ့ Kirin 990E SoC နဲ့ဟန်းဆက်ကိုလည်း မိတ်ဆက်လာဦးမှာ ဖြစ်ပါတယ်။

ဒီ Kirin 990E SoC ကို အသုံးပြုထားတဲ့ ဟန်းဆက်ကတော့ Mate 30E Pro 5G ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီဟန်းဆက်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အကန့်အသတ်နဲ့ ဖော်ပြထားတဲ့ အချက်အလက်အချို့အရ Huawei Mate 30E Pro 5G ဟာ Mate 30 Pro 5G နဲ့ ဒီဇိုင်းချင်း တူညီမယ်လို့ သိရပါတယ်။

“Oreo ring” ပုံစံနဲ့ ကင်မရာလေးလုံးတပ်ဆင်ထားပြီး Leica အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ အနက်ရောင်၊ ခရမ်းရောင်၊ ငွေရောင်၊ မြစိမ်းရောင်နဲ့ လိမ္မော်ရောင် အပါအဝင် အရောင် ၆ မျိုးကိုရွေးချယ်နိုင်ပါတယ်။ Processor ရဲ့ အသေးစိတ်အချက်အလက်လည်း ဖော်ပြခြင်းမရှိသေးပေမယ့် Kirin 990E chip ဟာ 5nm Kirin 9000 ကို ဝိတ်လျှော့ထားတဲ့ Kirin 9000E ဗားရှင်းလိုမျိုးပဲလို့ ဆိုရပါမယ်။

တစ်နည်းအားဖြင့်တော့ Kirin 9000E ဟာ Kirin 9000 ရဲ့ Underclocked ဗားရှင်းလို့ ဆိုနိုင်ပါတယ်။ ဒီ Chip ဟာ 22-core Mali-G78 GPU နဲ့လာပါတယ်။ 3.23GHz အမြန်နှုန်းနဲ့အလုပ်လုပ်တဲ့ Cortex-A77 super core, 2.54GHz Cortex-A77 Large cores သုံးခုနဲ့ 2.05GHz Cortex-A55 energy efficiency cores လေးခု ပါဝင်တဲ့ Octa-core ဒီဇိုင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ Processor ဟာ Balong 5000 5G baseband, ISP 6.0, security module စတာတွေလည်း ပေါင်းစပ်ထားပါသေးတယ်။ LPDDR5/4X memory နဲ့ UFS flash memory, HiFi အသံအရည်အသွေး၊ 4K HDR ဗီဒီယို စတာတွေကိုလည်း ထောက်ပံ့ပါသေးတယ်။ Mate 30E Pro ကို အောက်တိုဘာလ ၂၃ ရက်နေ့ (ဒီနေ့) မှာ ကြေညာမယ်လို့သိရပြီး ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref: Gizmochina