Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu ဟာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ China Information Technology Summit 2020 မှာ Mate 40 Series ဖုန်းတွေနဲ့ သက်ဆိုင်တဲ့အရေးကြီးတဲ့အချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။ ဒါကတော့ လက်ရှိ US အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့် Supply Issue ရှိနေတယ်ဆိုပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

Huawei ကနေ Mate 40 Series စမတ်ဖုန်းတွေကို လာမယ့်အောက်တိုဘာလမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။ အဆိုပါ Mate 40 Series မှာ အသုံးပြုလာမယ့် Kirin 1000 Chipset ကို စက်တင်ဘာလအစောပိုင်းမှာပြုလုပ်မယ့် IFA Event မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Kirin 1000 Chipset ဟာ TSMC ရဲ့ 5nm Chip ကို အခြေခံထားတာဖြစ်ပြီး Cortex-A78 Core တွေပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Kirin 1000 Chipset ဟာ Huawei ကနေ နောက်ဆုံးထုတ်လုပ်နိုင်တဲ့ ကိုယ်ပိုင် Kirin Chipset ဖြစ်လာတော့မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Huawei Mate 40 ဖုန်းဟာ Kirin Chipset ပါဝင်တဲ့ နောက်ဆုံးစမတ်ဖုန်းဖြစ်လာမှာပါ။

ဒါကတော့ US ကနေ TSMC ကို Huawei အတွက် စမတ်ဖုန်းတွေထုတ်လုပ်ပေးမှုကို ပိတ်ဆို့လိုက်တာကြောင့်ဖြစ်ပြီး လာမယ့် စက်တင်ဘာလလယ်ပိုင်းမှာ စတင်မှာဖြစ်ပါတယ်။ Huawei အနေနဲ့ Kirin 1000 Chipset ကို Mate 40 Series ဖုန်း အလုံးရေ ၁၅ သန်းဝန်းကျင်လောက်အတွက် ထုတ်လုပ်နိုင်မယ်လို့ သိရပြီး အဆိုပါ ပမာဏထက်တော့ ပိုပြီးထုတ်လုပ်နိုင်ဖွယ်မရှိတော့ပါဘူး။

အဲ့ဒီအတွက် Huawei အနေနဲ့ TSMC ကနေ Chip တွေမရှိတော့တဲ့အချိန်မှာ နောက်ထပ် Supplier တစ်ဦးကို ရှာဖွေဖို့ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ် Chipset Supplier နဲ့ ချိတ်ဆက်သွားမယ်ဆိုတာကိုတော့ အတည်ပြုသွားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Huawei Mate 40 Series ဖုန်းတွေဟာ Kirin 1000 Chipset တွေကို နောက်ဆုံးအနေနဲ့ အသုံးပြုလာမယ့်ဖုန်းတွေဖြစ်တဲ့အတွက် ရောင်းချမယ့်အချိန်မှာလည်း အရေအတွက်ကို ကန့်သတ်သွားနိုင်ပါတယ်။

Ref – GSM Arena