US အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့် Huawei ဟာ Google Service တွေကို အသုံးပြုနိုင်ခြင်းမရှိတော့တဲ့အပြင် 5G ကိုပါ အသုံးမပြုနိုင်တဲ့အထိကို အခြေအနေဆိုးရွားသွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Huawei ကနေ တရုတ်နိုင်ငံတွင်းမှာ 5G ကို အသုံးပြုနိုင်တဲ့ Mate 60 နဲ့ Mate 60 Pro ဖုန်းတွေကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

အခုလိုမျိုး 5G ကို အသုံးပြုနိုင်တာက တရုတ်နိုင်ငံတွင်း Semi-conductor ကုမ္ပဏီတစ်ခုဖြစ်တဲ့ SMIC ကနေ ထုတ်လုပ်ပေးထားတဲ့ Kirin 9000s Chipset တွေကို အသုံးပြုထားတာကြောင့်ဖြစ်သလို လက်ရှိသိရတဲ့သတင်းတွေအရ Mate 60 Series ဖုန်းတွေကို ဝယ်လိုအားကလည်း မှန်းထားတာထက် အဆမတန်ပိုမိုများပြားနေတယ်လို့ သိရပါတယ်။

နာမည်ကြီး Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ရဲ့ ပြောကြားချက်ရ Mate 60 Pro ဖုန်းကို တရုတ်နိုင်ငံတွင်းမှာ ဝယ်ယူသူအလွန်များပြားနေပြီး Huawei ကုမ္ပဏီအတွက် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ရဲ့ ရောင်းအားကိုပါ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်စေခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ယခုနှစ် ပထမနှစ်ဝက်မှာတင် အလုံးရေ ၅.၅~၆ သန်းအထိ ရောင်းရနိုင်ပြီး လောလောဆယ် Pre-order လက်ခံနေတဲ့ အချိန် ၅ ရက်အတွင်းမှာတင် အလုံးရေ ၁ သန်းနီးပါး ရောင်းချထားပြီးပြီဖြစ်ပါတယ်။

ဒါကြောင့် Huawei Mate 60 Pro ဖုန်းဟာ Huawei အတွက် အရောင်းရဆုံး Mate Series ဖုန်းတ်စလုံးဖြစ်လာနိုင်ပြီး စုစုပေါင်း ၁ နှစ်အတွင်းမှာ အလုံးရေ ၁၂ သန်းကျော်အထိ ရောင်းရမယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ ဒါ့အပြင် Huawei ကုမ္ပဏီက လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ စမတ်ဖုန်းအလုံးရေ သန်း ၆၀ ကျော်အထိ ရောင်းချရဖို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ တိုးတက်မှုအမြင့်ဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို ပြန်လည်ရယူသွားနိုင်ပါတယ်။

ဒါပေမယ့် Huawei ကနေ Mate 60 Series ဖုန်းတွေကို တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံတကာစျေးကွက်မှာ ရောင်းချမှာမဟုတ်တာကြောင့် တရုတ်နိုင်ငံတွင်းမှာတင် အခုလို ရောင်းအားကောင်းနေတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China