တရုတ် နည်းပညာ ဘီလူးကြီး Huawei က ဒုတိယမြောက် Foldable ဖုန်းဖြစ်တဲ့ Mate Xs ကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့ပါတယ်။ အဲဒီ ဖုန်းဟာ အရင်နှစ်ထုတ် Mate X ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ အခုတော့ Mate Xs ကို တရုတ်မှာ ၁၆,၉၉၉ ယွမ်နဲ့ ရောင်းပေးလိုက်ပြီဖြစ်ပြီး မြန်မာငွေ ၃၄ သိန်းလောက်ရှိပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး Vmall နဲ့ JD.com တို့ကနေ အဲဒီဖုန်းကို အမှာစာတင်သွင်းခွင့်ပြုခဲ့တာပါ။

Mate Xs ဟာ အရင်မျိုးဆက်ထက် ပိုကောင်းလာပါတယ်။ Cooling System ကို အဆင့်မြှင့်ထားပြီး Hinge ကို ပိုမာကျောအောင် ဖန်တီးပေးထားပါတယ်။ နောက်ဆုံးထုတ် Kirin 990 5G Chipset မောင်းနှင်ထားပြီး 8/512GB ပါပါတယ်။ ဖြန့်ထားရင် ၈ လက်မ 2480×2200 Pixels မျက်နှာပြင်နဲ့ ခေါက်ချိုးထားရင် ၆.၆ လက် 19.5:9 မျက်နှာပြင်ကို သုံးနိုင်ပါတယ်။ အနောက်ဘက်မှာ 25:9 မျက်နှာပြင် အရှည် ပါလာပြီး ဆဲလ်ဖီး ဓါတ်ပုံတွေအတွက် Viewfinder လို သုံးနိုင်ပါတယ်။

Mate Xs မှာ 40MP Main , 8MP Telephoto (OIS) နဲ့ 16MP Ultrawide ကင်မရာတွေ ထည့်သွင်းထားပြီး Bokeh Shots တွေမှာ Edge Detection ပိုကောင်းစေမယ့် ToF Sensor ၁ လုံးနဲ့အားဖြည့်ထားပါတယ်။ အရှေ့ကင်မရာ မပါဘဲ ဆဲလ်ဖီး ဆွဲချင်ရင် ဖုန်းကို ခေါက်ချိုးပြီး ရိုက်နိုင်ပါတယ်။

Android 10 အခြေပြု EMUI 10 မောင်းနှင်ထားပြီး Google Services မပါပါဘူး။ HMS (Huawei Mobile Services) ထည့်ထားပြီး  55W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာတဲ့အတွက် အားသွင်းနှုန်းမြန်သလို ဘက်ထရီ သက်တမ်း ကောင်းမှာပါ။

Ref : gizmochina