ကုန်သွယ်ရေးစစ်ရဲ့ နောက်ဆုံးအခြေအနေအရ အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် Huawei ဟာ အနာဂတ်ထုတ်ကုန်တွေအတွက် Chipset ထောက်ပံ့မှုပိုင်းဆိုင်ရာမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ဒီအတွက် အရေးပေါ်အစီအစဉ်တွေပြုလုပ်နေတယ်ဆိုပေမယ့် လုပ်ငန်းအချို့ကိုလည်း လက်လွှတ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Apple သတင်းတွေကို အစဉ်တစိုက်လေ့လာ ဖော်ပြခြင်းနဲ့လူသိများလာတဲ့ Ming Chi Kuo ဟာ TF International Securities က လေ့လာဆန်းစစ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ Kuo ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားတဲ့အချက်က Huawei အနေနဲ့ အမေရိကန်ရဲ့တားမြစ်ချက်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့တန်ပြန်မှုတွေကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာအပြီးမှာ၊ ဖြစ်နိုင်ခြေအရှိဆုံးအချက်က Honor မိုလ်ဘိုင်းဖုန်းလုပ်ငန်းကို ရောင်းချတာပဲလို့ ရေးသားထားပါတယ်။

Huawei အနေနဲ့ Honor ကိုရောင်းချခြင်းအားဖြင့် Honor အမှတ်တံဆိပ်အပြင် Supplier တွေနဲ့ တရုတ်ရဲ့ အီလက်ထရောနစ်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်အတွက်ပါ အားလုံးအကျိုးရှိမယ့် Win-Win Solution ဖြစ်နိုင်မယ်လို့ သူကယုံကြည်နေပါတယ်။ Honor အနေနဲ့ Huawei နဲ့ သက်ဆိုင်ခြင်းမရှိရင် အမေရိကန်ရဲ့ ကန့်သတ်ချက်တွေကလည်း ကင်းလွတ်သွားလိမ့်မယ်လို့ Kuo က သုံးသပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Honor ကလည်း မိုလ်ဘိုင်းဖုန်လုပ်ငန်းနဲ့ ပံ့ပိုးသူတွေ ကြီးထွားလာဖို့ ကူညီနိုင်လိမ့်မယ်လို့ ဆိုပါသေးတယ်။

Honor ဟာ Huawei ရဲ့ အမှတ်တံဆိပ်ခွဲအနေနဲ့ ရှိနေပြီး များသောအားဖြင့် Low-end နဲ့ Mid-range မော်ဒယ်တွေကိုပဲ အဓိကထား ထုတ်လုပ်ရောင်းချနေတာလည်း ဖြစ်ပါတယ်။ အကယ်၍ Huawei နဲ့ လုံးဝမသက်ဆိုင်တော့ဘူးဆိုရင် High-end မော်ဒယ်တွေကိုပါ အဓိကထား ထုတ်လုပ်လာဖွယ်ရှိပါတယ်။ ဒါ့အပြင် Honor ရဲ့ လက်ရှိအားသာချက်မှာ သူ့ရဲ့ အမှတ်တံဆိပ်တန်ဖိုး (Brand value) ဖြစ်တယ်လို့လည်း Kuo က ယုံကြည်နေပါတယ်။

အကယ်၍ Honor အနေနဲ့ Huawei ရဲ့ ထိန်းချုပ်မှုက လွတ်ကင်းပြီး၊ သူ့ရဲ့အမှတ်တံဆိပ်ကိုတန်ဖိုးကို အလယ်အလတ်တန်းအဆင့်အထိ တိုးချဲ့နိုင်မယ်ဆိုရင် အမှတ်တံဆိပ်ရဲ့ မူရင်းအားသာချက်ကိုလည်း ဆက်ပြီးထိန်းသိမ်းနိုင်မှာဖြစ်သလို၊ ဈေးကွက်ဝေစုကိုလည်း တိုးမြှင့်ပေးနိုင်မှာဖြစ်တယ်လို့ Kuo က ရေးသားထားပါတယ်။

Ref: Gizmochina