ပြီးခဲ့တဲ့ ရက်သတ္တပတ်က TF International Securities ရဲ့ လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ Ming Chi Kuo က Huawei အနေနဲ့ Honor မိုလ်ဘိုင်းဖုန်းလုပ်ငန်းကို ရောင်းချကောင်း ရောင်းချနိုင်မယ်လို့ သူ့ရဲ့အစီရင်ခံစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒီတုန်းကတော့ Kuo ရဲ့ သုံးသပ်ချက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Huawei ဝန်ထမ်းအချို့ဟာ Weibo မှာ Kuo ရဲ့ သုံးသပ်ချက်ကို ငြင်းဆိုမှုတွေပြုလုပ်ခဲ့ကြပြီးတဲ့နောက် ဒီသတင်းဟာ ငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမယ့် ရက်သတ္တတစ်ပတ်ကြာပြီးချိန်မှာတော့ ရိုက်တာ သတင်းဌာနက ဒီအကြောင်းနဲ့ပတ်သက်ပြီး အစဆွဲထုတ်လာပြန်ပါတယ်။ ဒါကြောင့် Kuo ရဲ့ သုံးသပ်ချက်က ပြန်ပြီးအသက်ဝင်လာပြန်ပါတယ်။

ရိုက်တာကတော့ Huawei ဟာ သူ့ရဲ့ စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းတွေကို ဝန်လျှော့ဖို့ကြိုးစားနေတာကြောင့် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အမှတ်တံဆိပ်ခွဲအတွက် Digital China အမည်ရှိတဲ့ ကုမ္ပဏီနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Honor အတွက် တန်ဖိုးကိုလည်း ယွမ်ငွေ ၁၅ ဘီလီယံ ကနေ ၂၅ ဘီလီယံကြား ($2.2 billion – $3.7 billion) သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

သတင်းအရ Honor မိုလ်ဘိုင်းဖုန်းလုပ်ငန်းကို ဝယ်ယူဖို့အလားအလာရှိတဲ့ ကုမ္ပဏီတွေဟာ လက်ရှိမှာ Alcatel device တွေ ထုတ်လုပ်ရောင်းချနေတဲ့ TCL, ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်မှု ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး၊ ကမ္ဘာ့ ဈေးကွက်အတော်များများမှာ Huawei နဲ့ အဓိကပြိုင်ဘက်လိုဖြစ်နေတဲ့ Xiaomi တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းချမှုအတွက် ဆွေးနွေးပွဲတွေကို လျှို့ဝှက်ထားကြတာဖြစ်ပြီး၊ နှစ်ဖက်စလုံးက တရားဝင်မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကြပေမယ့်လည်း အမည်မဖော်လိုသူအတွင်းသတင်းရင်းမြစ်ကတော့ သဘောတူညီမှုဟာ ငွေလုံးငွေရင်းပေးချေမှုဖြစ်လိမ့်မယ်ဆိုပြီး ခန့်မှန်းပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြခဲ့ပါတယ်။

Honor အမှတ်တံဆိပ်ကို ၂၀၁၃ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး Huawei ရဲ့ အရှိန်အဝါနဲ့အတူ စမတ်ဖုန်းဈေးကွက်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Honor ဟာ မိခင်ကုမ္ပဏီကြီးရဲ့အမှီအခိုကနေ ခွဲထွက်ပြီး သီးသန့်ရပ်တည်လည်ပတ်ခဲ့ပါတယ်။ Honor ဟာ စမတ်ဖုန်းတွေသာမက၊ Laptops, watches, earbuds စတာတွေအပါအဝင် Gadgets အမျိုးမျိုးကို ထုတ်လုပ်ခဲ့ပါတယ်။

Ref: GSM Arena