Huawei ရဲ့ nova series တွေဟာ မြန်မာနိုင်ငံမှာတော့ လူကြိုက်များခဲ့တဲ့ Series တစ်ခုပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Budget series တွေထက် ပိုသုံးနိုင်ပြီး၊ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ရချင်ရင်တော့ nova series တွေကို ဘယ်လိုမှ ဖယ်ထားလို့မရပါဘူး။

Huawei ရဲ့ ထုတ်ကုန်တွေက မြန်မာပြည်ဈေးကွက်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်သက်ခဲ့ပါသေးတယ်။ အခုတော့ mega launch နဲ့အတူ မြန်မာနိုင်ငံဈေးကွက်ထဲကို Huawei ရဲ့ ထုတ်ကုန်သစ်တွေ ဝင်ရောက်လာခဲ့ပါပြီ။ ဒီထဲမှာ nova series ဖုန်းတွေလည်း ပါဝင်လာခဲ့ပါတယ်။

အခု စာရေးသူလက်ထဲမှာ ရှိနေတာကတော့ Huawei nova 11i ပဲ ဖြစ်ပါတယ်။ nova11i ဟာ Snapdragon 680 မောင်းနှင်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး လက်ရှိ စမ်းသပ်အသုံးပြုနေတဲ့ ၁၀ ရက်ကျော် အချိန်အတွင်းမှာ မျှော်လင့်ထားတာထက်တော့ ပိုပြီးစိတ်ကျေနပ်ရတဲ့ ရလဒ်တွေကို ရရှိထားပါတယ်။

ဒီဇိုင်း
ဒီဇိုင်းပိုင်းကတော့ စမတ်ဖုန်းတစ်လုံးမှာ First impression ဖြစ်တဲ့အတွက် ဒီအပိုင်းကိုတော့ အရင်ဆုံးပြောရလေ့ရှိပါတယ်။ ပြောရရင်တော့ nova 11i ရဲ့ ဒီဇိုင်းပိုင်းဟာ သိပ်ပြီးထူးခြားနေတာမျိုးမရှိပါဘူး။

ရိုးရိုးရှင်းရှင်းလေးပဲ တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ တည်ငြိမ်တဲ့ ဒီဇိုင်းအယူအဆဖြစ်တာကြောင့် ရိုးရိုးလေးနဲ့ ယဉ်တဲ့ဒီဇိုင်းလို့ ပြောနိုင်ပါတယ်။

ဒီဇိုင်းပိုင်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင် ကျောဘက်က ကင်မရာနှစ်လုံးကို Orbit Ring အကြီးကြီးတွေနဲ့ ဖန်တီးပေးထားတာရယ်၊ ကင်မရာနဲ့လိုက်ဖက်တဲ့၊ ဒီဇိုင်းအယူအဆကို ပိုပြီးအဓိပ္ပါယ်ရှိစေတဲ့ အနက်ရောင်ကိုယ်ထည်ပေါ်က ကြယ်မှုန်စုလေးတွေရယ်က အတော်လေးကို လိုက်ဖက်ပါတယ်။

နောက်တစ်ချက်က Orbit Ring ရဲ့ ဘောင်တွေကို ရွှေရောင်ကွပ်ပေးထားတာပါ။ အနက်မှာရွှေရောင်ကွပ်တော့ ခပ်ကြီးကြီးလုပ်ထားတဲ့ ကင်မရာ Bump တွေကို ပိုပြီးခန့်ထည်သွားစေပါတော့တယ်။

အဲဒီအတွက်ကြောင့် ရုတ်တရက်ကြည့်လိုက်တာနဲ့ nova 11i ကို Flagship ဖုန်းတစ်လုံးလို့ ထင်မိသွားစေပါတော့တယ်။

မျက်နှာပြင်
nova11i ဟာ 6.8-inch အရွယ်အစား မျက်နှာပြင် ဖြစ်ပေမဲ့ သူ့ရဲ့အရွယ်အစားထက် ပိုပြီးကြီးတယ်လို့ ထင်ရပါတယ်။ ဒီလိုထင်ရတဲ့အကြောင်းရင်းက 1mm ပဲ ရှိတဲ့ သူ့ရဲ့ Bezel တွေကြောင့်ပါ။

Midrange ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ Bezel တွေထက် ပိုပြီး ကျဉ်းမြောင်းတဲ့ Bezel ဖြစ်တာကြောင့် nova 11i နဲ့ပတ်သက်ပြီး တကယ်ကို သဘောကျရတဲ့ အချက်လို့လည်း ပြောချင်ပါတယ်။

Selfie ကင်မရာအတွက် Punch-hole သုံးပေးထားတာကလည်း Midrange level ဖုန်းတစ်လုံးအတွက် ဘာမှ အပြစ်ပြောစရာမရှိပါဘူး။

94.9% screen to body ratio ဖြစ်အောင် ပံ့ပိုးပေးထားတဲ့ Bezel တွေနဲ့တင် တန်နေပါပြီ။ IPS LCD အမျိုးအစားဆိုပေမဲ့ ဒီဈေးနဲ့ ဒီဖုန်းအတွက် မတန်ဘူးလို့ ပြောလို့မရပါဘူး။

1080p resolution ရပြီး 90Hz refresh rate လည်း ရတဲ့အတွက် ဖျော်ဖြေရေးအတွက်တော့ တကယ်ကို သုံးလို့ကောင်းတယ်ဆိုတာ လက်တွေ့ပါပဲ။ AMOLED မှာရတဲ့ အရည်အသွေးမျိုးကိုတော့ လိုချင်လို့မရဘူးပေါ့။

မျက်နှာပြင်အကြောင်းပြောရင်းနဲ့ တစ်ခါတည်း ပြောလိုက်ချင်တာက nova 11i ရဲ့ Audio ပိုင်းပါ။ Mono speaker ဆိုပေမဲ့ တောသံမထွက်တာကို သဘောကျပါတယ်။

စာနဲ့ရေးပြရတာဖြစ်လို့ စာဖတ်သူတွေ မြင်သာအောင်ပြောရရင် တောသံဆိုတာက အလှူမဏ္ဍပ်က လော်စပီကာအသံထွက်သလိုပါ။ လော်စပီကာသံနဲ့ ခေတ်မီ Sound box တစ်ခုက ထွက်လာတဲ့ အသံဘယ်လိုကွာခြားတယ်ဆိုတာ စာဖတ်သူတွေ ကောင်းကောင်း သိကြပါလိမ့်မယ်။

nova 11i မှာ ပြောစရာဆိုလို့ Studio speaker မပါတာတစ်ခုပါပဲ။ ဒါပေမဲ့ သူ့ရဲ့တစ်ခုတည်းသော စပီကာက အသံထွက် ကြည်တယ်၊ ရှင်းတယ်။ ငြိမ်တယ်။

Huawei က Volume level ကို 88 dB max လို့ပြောထားပါတယ်။ ပြောထားတဲ့အတိုင်း အသံပိုင်းဆိုင်ရာဖြေရှင်းမှုက ကျေနပ်စရာကောင်းပါတယ်။

တစ်ခုတော့ရှိတယ်။ ဖားကို ကျားအော်သလောက်တော့ မအော်ခိုင်းပါနဲ့။ သူ့အိုးနဲ့သူ့ဆန် တန်သ၍လောက်ဆိုရင်တော့ Bass သံလည်း ပုံမှန်ထက် မာတဲ့၊ ညက်တဲ့ အသံမျိုးထွက်ပါတယ်။

ကပ်သီးကပ်သပ်ပြောရရင်တော့ 3.5mm jack မပါရှိတဲ့အတွက် ကြုံရာနားကြပ်တွေ ထိုးထည့်လို့မရတော့ပါဘူး။ USB-C to 3.5mm Headphone Jack Adapter လေးတော့ ဆောင်ထားရပါလိမ့်မယ်။

စွမ်းဆောင်နိုင်မှု
ပွင့်ပွင့်လင်းလင်းပြောရရင် ၆ သိန်းနီးပါး ဖုန်းတစ်လုံးမှာ Snapdragon 680 ထက် ပိုတဲ့ SoC ကို မျှော်လင့်မိပါတယ်။ ဒါပေမဲ့ Snapdragon 680 က လုံးဝကိုစိတ်မကျေနပ်စရာကောင်းတဲ့ SoC တော့လည်း မဟုတ်ပါဘူး။

ဒီဈေးတန်းမှာ ဒီ SoC နဲ့ မတိမ်းမယိမ်းတွေ အများကြီးပါ။ Snapdragon 680 က ဂိမ်းမင်းဖုန်းတစ်လုံးလို စိတ်ရှိတိုင်းကြမ်းချင်သူတွေအတွက် အားရစရာမဟုတ်ပေမဲ့ ပုံမှန်လေး အသုံးပြုတဲ့သူတွေအတွက်တော့ So Fine ပါပဲ။

Snapdragon 680 ဟာ Multimedia အတွက် အထူးရည်ရွယ်ထားတာပါ။ Gaming မှာ Optimize လုပ်နိုင်တယ်။ Photography ပိုင်း၊ Streaming ပိုင်းတွေ ချောချောမွေ့မွေ့လုပ်နိုင်အောင် ထောက်ပံ့ပေးတယ်။

Audio ပိုင်းလည်း အထိုက်အလျောက် ကောင်းမွန်တယ်ဆိုတာ ဒီ SoC ထွက်ခဲ့ပြီးတဲ့ ၁ နှစ်ခွဲနီးပါးလောက်မှာ အားလုံးလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။

Snapdragon 680 မို့လို့ လုံးဝ ဂိမ်းဆော့လို့မရတာတော့ မဟုတ်ပါဘူး PUBG ကို Setting အမြင့်ကြီးတွေထားပြီး ဆော့လို့မကောင်းတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ Smooth ထားပြီးဆော့ရင်တော့ ၂ နာရီလောက် ကောင်းကောင်းဆော့နိုင်ပါတယ်။ စာရေးသူအတွေ့အကြုံအရတော့ ၂ နာရီလောက်ဆော့ပြီးရင် ဖုန်းကိုခန အနားပေးတာ အကောင်းဆုံးပါပဲ။

Mobile Legend ဆိုရင်လည်း ဒီလိုပါပဲ။ Graphic ကို High, ultra လိုမျိုးထားပြီးဆော့လို့ရပါတယ်။ သတိပေးချင်တာကတော့ ဒါက All-rounder အတွက် ဦးစားပေးထုတ်ထားတဲ့ SoC နဲ့ ဖုန်းပါ။

ဒါကြောင့် ဂိမ်းဆော့မယ်ဆိုရင်လည်း အလွန်အမင်းကြီး Setting အမြင့်ကြီးတွေထားချင်တာတို့၊ အကြာကြီးဆော့ချင်တာတို့တော့ မလုပ်မိပါစေနဲ့။ မရဘူးတော့မဟုတ်ဘူး။ ရတယ်။ ဒါပေမဲ့ ကြာကြာမကောင်းဘူး။ ၁ နာရီ ကျော်ကျော်လေးနဲ့တင် ဖုန်းက နွေးတာထက်ပိုလာပါလိမ့်မယ်။

ဘက်ထရီ
ဘက်ထရီက 5,000mAh။ ဒါက ဒီနေ့ခေတ် Midrange ဖုန်းတစ်လုံးအတွက် ပုံမှန်ပမာဏပါပဲ။ ဒါပေမဲ့ SoC က Power efficient ဖြစ်တာကြောင့် သာမန်သုံးစွဲသူတစ်ယောက်အတွက်ဆိုရင် 100% အားသွင်းပြီးသွားရင် တစ်ရက်တာတင်မကဘဲ နောက်တစ်ရက်ရဲ့ နေ့တစ်ဝက်လောက်ထိ ကောင်းကောင်း အသုံးပြုနိုင်ပါလိမ့်မယ်။

အားသွင်းစနစ်ကို 40W Huawei SuperCharge Turbo စနစ် ထောက်ပံ့ပေးထားတော့ အချိန်တွေအကြာကြီးစောင့်နေစရာမလိုတော့ပါဘူး။

ကုမ္ပဏီက 3% to 60% ကို 30 minutes လို့ ပြောထားပေမဲ့ စာရေးသူက 2% t0 60% အထိ နှစ်ခါအားသွင်းဖူးပါတယ်။ ပထမတစ်ခါက 35 minutes လောက်ကြာပေမဲ့ ဒုတိယတစ်ခါကျတော့ 32 minutes လောက်ပဲကြာပါတော့တယ်။ ဒုတိယအကြိမ်တုန်းကတော့ Airplane mode လုပ်ထားတာ မှတ်မှတ်ရရပါပဲ။

ကင်မရာ
novi 11i ရဲ့ ကင်မရာပိုင်းမှာတော့ ပြောစရာ နည်းနည်းရှိပါတယ်။ ဒါက စာရေးသူရဲ့ အကြိုက်၊ Personal feeling ပေါ်မူတည်ပြီးပြောတာ ဖြစ်ပါတယ်။ Main Camera က 48MP ပါ။

သူ့ကို ထောက်ကူပေးတဲ့ Depth sensor က 2MP ပါ။ Daylight မှာ ရိုက်ရာတာ အဆင်ပြေပါတယ်။ Moving subject တွေကို Capture လုပ်ရတာလည်း စိတ်ကျေနပ်စရာ ရလဒ်တွေ ပေးပါတယ်။

ဒါပေမဲ့ Lowlight photography မှာတော့ သိပ်ပြီးအားမရပါဘူး။ Night mode နဲ့ ရိုက်လည်း အားမရပါဘူး။ ဒါကလည်း စာရေးသူရဲ့စိတ်ထဲမှာ Huawei P series တွေရဲ့ ကင်မရာတွေနဲ့ နှိုင်းယှဉ်မိနေတဲ့ စိတ်ကြောင့် ဖြစ်ပါလိမ့်မယ်။

novi 11i ရဲ့ ကင်မရာရလဒ်က Midrange တန်းမှာတော့ လက်ခံနိုင်လောက်တဲ့ အနေအထားမှာ ရှိနေပါတယ်။

စာရေးသူ မကြိုက်တဲ့အချက်ကို ပြောပါဆိုရင်တော့ ဓာတ်ပုံတွေရိုက်ပြီး Process လုပ်လိုက်ပြီးမှ ထွက်လာတဲ့ပုံတွေက သဘာဝအရောင်နဲ့ သိပ်ပြီးမနီးစပ်တော့တာမျိုး၊ Indoor မှာ အထူးသဖြင့် Lowlight မှာဆိုရင် Point လုပ်ထားချိန် Screen ပေါ်မှာပေါ်နေတဲ့ Color က အပြင်ကနဲ့ နီးစပ်ပေမဲ့ Final ထွက်လာတဲ့ပုံမှာ ဖြူလျော်လျော်ဖြစ်သွားတာမျိုးပါပဲ။

နောက်တစ်ချက်က Video ရိုက်ကူးမှုအပိုင်းမှာ 1080p@30fps ထက် ပိုရရင် ဝမ်းသာမိမှာ အမှန်ပါပဲ။ Selfie ကင်မရာလည်း Daylight မှာ ပိုပြီးအားရပါတယ်။ Lowlight မှာတော့ ပုံကောင်းကောင်းရချင်ရင် နည်းနည်းလေး စိတ်ရှည်ရှည်ထားမှပဲ ဖြစ်ပါလိမ့်မယ်။

သုံးသပ်ချက်
HUAWEI nova 11i ဟာ 95% နီးပါးလောက်ရှိတဲ့ 6.8-inch Display နဲ့ ဖျော်ဖြေရေးအတွက် သူ့ဈေးတန်းမှာ ရွေးချယ်ချင်စရာကောင်းလောက်အောင်ကို ပြည့်စုံပါတယ်။ EMUI 13 ရဲ့ Experience ကလည်း သုံးရတာ လွယ်ကူချောမွေ့ပြီး လူကြီး၊ လူငယ်၊ ကျား၊ မ မရွေးနဲ့ ကိုက်ညီတဲ့ Customization တွေလည်း လုပ်ထားနိုင်ပါတယ်။

ဒီနေရာမှာတစ်ခုပြောချင်တာက Google Service အတွက် သိပ်ပြီး Serious မဖြစ်ဘူးဆိုရင်တော့ App Gallery မှာ ပျော်ပျော်ကြီးမွှေပြီး အတွေ့အကြုံသစ်တွေ ယူနိုင်ပါတယ်။ Microsoft ရဲ့ ဝန်ဆောင်မှုအချို့ကိုလည်း အလွယ်တကူ ရယူအသုံးပြုနိုင်ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် HUAWEI nova 11i ဟာ ၆ သိန်းဝန်းကျင် Midrange ဖုန်းတွေထဲမှာ သူ့အားသာချက်နဲ့သူ ဒေါင်ဒေါင်မြည် အရွေးခံနိုင်တဲ့ ဖုန်းတစ်လုံးဆိုတာတော့ အသေအချာပြောနိုင်ပါတယ်။ အထူးသဖြင့် HUAWEI nova fan တွေအတွက်တော့ ဘာမှနောင်တရစရာမရှိဘဲ ပျော်ပျော်ကြီးဝယ်၊ ပျော်ပျော်ကြီးသုံးနိုင်တဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။