Huawei က P40 Series ရဲ့ ပထမဆုံး ဖုန်းဖြစ်တဲ့ P40 Lite ကို ဥရောပမှာ ရောင်းပေးလိုက်ပါပြီ။ စပိန်မှာအစောဆုံး ရောင်းပေးမှာ ဖြစ်ပြီး စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပါတယ်။ တရုတ်မှာ အဲဒီ ဖုန်းကို Huawei nova 6 SE နဲ့ မလေးရှားမှာ Huawei nova 7i နာမည်တွေနဲ့ ရောင်းချပေးထားတာ ဖြစ်ပါတယ်။

Huawei P40 Lite မှာ Kirin 810 Chipset မောင်းနှင်ထားပြီး Android 10 အခြေပြု EMUI 10 ပါလာပါတယ်။ ဒါပေမယ့် Google Services မပါတဲ့အတွက် ဥရောပမှာ ရောင်းအားကောင်းမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး Storage မြှင့်တင်ချင်ရင် Memory Card စိုက်နိုင်ပါတယ်။

၆.၄ လက်မ FullHD+ မျက်နှာပြင် တပ်ဆင်ထားပြီး LCD အမျိုးအစား ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်မှာ Punch Hole ၁ ခု ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ စတုရန်းပုံ ကင်မရာ အကွက်ပါလာပြီး LED Flash  ကို အောက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာတွေက 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

Huawei P40 Lite မှာ 4,200mAh ဘက်ထရီ ထည့်သွင်းထားပြီး 40W Fast Charging ပါတဲ့အတွက် အားသွင်းနှုန်းက အရမ်းမြန်မှာပါ။ USB-C Port ပါတဲ့အတွက် ဒေတာ ပေးပို့တာလည်း မြန်မှာပါ။ 3.5mm Audio Jack ပါလာပြီး ဘေးဘက်က ပါဝါခလုတ်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ ၂၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၇ သောင်းလောက်ရှိပါတယ်။ မတ်လ ၂ ရက်နေ့မှာ Huawei Stores နဲ့ e-store အသစ်တွေကနေ မှာယူနိုင်မှာ ဖြစ်ပြီး မတ်လ ၇ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena