Huawei က P40 Pro အတွက် Red Flag လို့ နာမည်ပေးထားတဲ့ အထူးထုတ် မော်ဒယ် ၁ ခုကို ရောင်းမယ်လို့ တရုတ်လူမှုကွန်ရက်  ဝီဘိုကနေ သတင်းထွက်လာပါတယ်။ ဓါတ်ပုံအရ အနက်နဲ့ အနီရောင် ၂ မျိုး ပေါင်းစပ် ဖန်တီးထားပြီး တရုတ်ရဲ့ နာမည်ကြီး FAW Car Company ရဲ့  ဇိမ်ခံကားကို အခြေခံ တည်ဆောက်ထားတာပါ။ ကား ကုမ္ပဏီရဲ့ တရုတ် နာမည်က  Hongqi ဖြစ်ပြီး Red Flag လို့ အဓိပ္ပါယ်ရပါတယ်။

FAW က Huawei ဟာ P40 Pro ရဲ့ အထူးထုတ် မော်ဒယ် ၁ လုံးကို ရောင်းချမယ်လို့ WeChat ကနေ ပြောခဲ့ဖူးပါတယ်။ အခုတော့ Huawei P40 Pro နဲ့အတူ Hongqi ရဲ့ ကားအသစ်ကိုပါ ကြေညာနိုင်ပါတယ်။ P40 Pro ကို မတ်လ ၂၆ ရက်မှာ ကြေညာမယ်လို့လည်း ဓါတ်ပုံမှာ ဖော်ပြထားပါတယ်။ P40 Pro မှာ Dual Punch Hole Full-screen မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာနိုင်ပါတယ်။

Huawei Kirin 990 5G SoC မောင်းနှင်ထားမှာ ဖြစ်ပြီး SA/NSA Dual-mode 5G ပါလာမှာပါ။ 40W Fast Charging ထောက်ပံ့ထားပြီး UFS 3.0 Storage နဲ့ LPDDR5 RAM တွေ ပါလာမှာ ဖြစ်တဲ့အတွက် အရမ်းကို မြန်မှာပါ။ အနောက်မှာ Leica ရဲ့ ကင်မရာ ၅ လုံး ပါလာနိုင်ပြီး ပင်မ ကင်မရာက 52MP ဖြစ်နိုင်ပါတယ်။ Telephoto အနေနဲ့ 10x Optical Zoom ထောက်ပံ့တဲ့ Periscope Lens ထည့်သွင်းထားမှာပါ။

Huawei ရဲ့ ထုံးစံအတိုင်း P40 Pro ဟာလည်း DxOMark ရဲ့ အကောင်းဆုံး ကင်မရာပါတဲ့ ဖုန်းစာရင်းမှာ သရဖူဆောင်းသွားနိုင်ပါတယ်။ P40 Pro မှာ Huawei ဖန်တီးထားတဲ့ WiFi 6+ နည်းပညာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizchina