Huawei ဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Mate 40 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Huawei Mate 40 Series ဖုန်းတွေဟာ TSMC ကနေ Chip ထောက်ပံ့မှုတွေရပ်ဆိုင်းလိုက်ပေမယ့်လည်း ကိုယ်ပိုင် HiSilicon Kirin 9000 Series Chipset တွေကို အသုံးပြုထားခဲ့တာဖြစ်ပါတယ်။

Huawei ရဲ့ Kirin 9000 Series Chipset အသစ်တွေဟာ Android ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 5nm Architecture ကို အခြေခံထားတဲ့ Chipset တစ်ခုဖြစ်ပြီး Huawei ကတော့ လက်ရှိမှာ စွမ်းဆောင်ရည်အကောင်းဆုံး Mobile Chipset ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Mate 40 Series ဟာ နောက်ဆုံးသော Kirin Chipset အသုံးပြုထားတဲ့ Huawei ဖုန်းဖြစ်မယ်ဆိုပြီး ခန့်မှန်းထားကြတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ လာမယ့်နှစ်အစောပိုင်းမှာ Huawei ကနေ P50 Series တွေကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုတာက သတင်းတွေစတင်ထွက်ပေါ်လာပြီဖြစ်ပြီး Chipset အနေနဲ့လည်း Kirin 9000 Chipset တွေကိုပဲ ဆက်လက်အသုံးပြုလာမယ်လို့ သိရပါတယ်။ မိတ်ဆက်မယ့်အချိန်ကတော့ ပုံမှန်မိတ်ဆက်နေကျဖြစ်တဲ့ မတ်လ နဲ့ ဧပြီလဝန်းကျင်မှာဖြစ်နိုင်ပါတယ်။

အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ Huawei ကနေ TSMC ဆီကနေ 5nm Chip တွေကို Mate 40 Series တင်မဟုတ်ဘဲ P50 Series အတွက်ပါ လောက်ငအောင် ကြိုတင်မှာယူထားခဲ့တဲ့ပုံစံပါပဲ။ ဒါပေမယ့်လည်း တကယ်လို့သာ TSMC ဘက်ကနေ Huawei ကို ပြန်လည်ထောက်ပံ့ခြင်းမရှိရင်တော့ Stock ပြတ်လပ်တဲ့ ပြဿနာနဲ့ ကြုံတွေ့ရလာနိုင်ပါတယ်။

Huawei P50 Series ဖုန်းတွေဟာ Display အနေနဲ့လည်း Samsung နဲ့ LG Display ကုမ္ပဏီတွေဆီကနေ OLED Display တွေကို အသုံးပြုလာမှာဖြစ်တယ်လို့ The Elec သတင်းဌာနကနေ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့ Huawei P50 Series နဲ့ သက်ဆိုင်တဲ့သတင်းတွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

Ref – GSM Arena