တရုတ်နည်းပညာကုမ္ပဏီကြီးဟာ ကုန်သွယ်ရေးစစ်ရဲ့ မြေစာပင်အဖြစ်နဲ့ ရုန်းကန်နေရပေမယ့် သူတို့ရဲ့ တည်ရှိမှုကို ပိုပြီးခိုင်မြဲအောင်လို့ ကြိုးစားနေတာကိုလည်း တွေ့မြင်ရပါတယ်။ အထူးသဖြင့် အမေရိကန်မဟုတ်တဲ့ အခြားနိုင်ငံတကာဈေးကွက်တွေမှာ Huawei အမှတ်တံဆိပ်ကို ဖြန့်ကျက်နိုင်ဖို့ ပိုပြီးအာရုံစိုက်နေတာလို့ ဆိုနိုင်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ရေးသားဖော်ပြမှုအရ Huawei ဟာ ဆော်ဒီအာရေဗျမှာ တရုတ်ပြင်ပအကြီးမားဆုံး Flagship စတိုးတစ်ခု တည်ဆောက်ဖို့ပြင်ဆင်နေကြောင်း သိရပါတယ်။ ဆော်ဒီအစိုးရကလည်း Huawei ဟာ ဆော်ဒီအာရေဗျရဲ့ Kaden Investment နဲ့ ငှားရမ်းစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒီစာချုပ်ဟာ Riyadh မှာ ဖွင့်လှစ်မယ့် Huawei ရဲ့ အကြီးမားဆုံး Flagships စတိုးဆိုင်သစ်အတွက်ဖြစ်တယ်လို့လည်း သိရပါတယ်။ အကယ်၍ အောင်မြင်ခဲ့မယ်ဆိုရင် ဒီဆိုင်ဟာ တရုတ်နိုင်ငံပြင်ပမှာ Huawei ရဲ့ အကြီးမားဆုံး Flagship စတိုးဆိုင်တစ်ဆိုင် ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာ့အကြီးဆုံး Huawei Flagship စတိုးကိုတော့ ၂၀၂၀ ပြည့်နှစ် ဇွန်လမှာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစတိုးဟာ Nanjing အဆောက်အအုံမှာရှိပြီး လုပ်ငန်းခွင်ဧရိယာက စတုရန်းမီတာ ၅ ထောင်နီးပါး ရှိပါတယ်။ ဒီမတိုင်မီ ၂၀၁၉ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံ၊ ရှန်ကျင်းမှာ ပထမဦးဆုံး Global flagship store ကို ဖွင့်လှစ်ခဲ့ပါသေးတယ်။ အခု ဆော်ဒီမှာဖွင့်မယ်ဆိုတဲ့ Flagship စတိုးနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဆော်ဒီလိုနိုင်ငံမျိုးဟာ ဒီဂျစ်တယ်ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဝယ်လိုအားများတဲ့ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့ အင်တာနက်အသုံးပြုမှုဟာ ၂၀၂၂ ခုနှစ်မှာ စုစုပေါင်းလူဦးရေရဲ့ ၈၂.၆% အထိ ရောက်နိုင်ပြီး ဒါဟာ ၂၀၁၇ ခုနှစ်ရဲ့ ၉.၄% ကနေ တိုးတက်လာတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်ကိုမြင်တတ်တဲ့ တရုတ်ကုမ္ပဏီနေနဲ့ ဆော်ဒီကိုခြေကုပ်ယူချင်တယ်ဆိုတာ မထူးဆန်းဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

Ref: Gizmochina