Huawei ဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ Mate 60 Series အပါအဝင် စမတ်ဖုန်းတွေအများအပြားကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေဟာ ဝယ်ယူမှုအလွန်မြင့်မားခဲ့ပြီး Huawei ကို တရုတ်နိုင်ငံတွင်းမှာ စျေးကွက်ရှယ်ယာတွေပိုမိုမြင့်တက်လာစေခဲ့ပါတယ်။

Research Firm တစ်ခုဖြစ်တဲ့ IDC ရဲ့ ဖော်ပြချက်အရ Huawei ဟာ ၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လပါတ်တာ ကာလအတွင်းမှာ ရောင်းအား ၃၆.၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့ သိရပြီး တရုတ်နိုင်ငံအတွင်းမှာ စတုတ္ထအကြီးမားဆုံး စမတ်ဖုန်း Brand တစ်ခုဖြစ်လာခဲ့ပါတယ်။ အခုလည်း Counterpoint Research ကနေ Huawei ဟာ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ၂ ပါတ်တာ ကာလအတွင်းမှာ တရုတ်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး နံပါတ် (၁) နေရာကို ရရှိခဲ့ပြီဆိုပြီး ဖော်ပြလိုက်ပါတယ်။

အခုလို Huawei ဟာ ရောင်းအားအကောင်းဆုံး နံပါတ် (၁) နေရာကို တရုတ်နိုင်ငံအတွင်းမှာ ပြန်လည်ရယူနိုင်တာဟာ Apple ကို ကျော်တက်နိုင်ခဲ့တာတင်မဟုတ်ဘဲ ၂၀၁၉ ခုနှစ်အတွင်း US အစိုးရရဲ့ ပိတ်ဆို့မှုအပြီးမှာ ပထမဆုံးအနေနဲ့ အခုလို နံပါတ် (၁) နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

Huawei ကနေ အခုလိုမျိုး ရောင်းအားကောင်းမွန်နေတာဟာ Kirin 9000S Processor ကို အသုံးပြုထားတဲ့ Huawei Mate 60 Series ဖုန်းတွေကြောင့်ဖြစ်ပြီး အခုအချိန်အထိ တရုတ်နိုင်ငံအတွင်းမှာ ရောင်းအားကောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Huawei ဟာ ယခုနှစ်အတွင်းမှာ တရုတ်နိုင်ငံအတွင်း ကိုယ်ပိုင် HarmonyOS NEXT ကို မိတ်ဆက်ထားပြီး Android App ကို လုံးဝထောက်ပံ့ခြင်းမရှိဘဲ ကိုယ်ပိုင် App တွေကို ပြောင်းလဲအသုံးပြုသွားဖို့လည်း စီစဥ်ထားပါသေးတယ်။

အခုလိုမျိုး ၂၀၂၄ ခုနှစ်မှာ Huawei ဟာ တရုတ်နိုင်ငံတွင်းမှာ ရောင်းအားအကောင်းဆုံးဖြစ်လာသလို Global စျေးကွက်မှာလည်း ဘယ်လောက်ထိ ပိုတိုးတက်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China