စမတ်ဖုန်းဈေးကွက်ကို စောင့်ကြည့်လေ့လာနေကြတဲ့ ထိပ်တန်းသုတေသနကြီးသုံးခုဖြစ်တဲ့ Counterpoint, Canalys နဲ့ Strategy Analytics တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တစ်နှစ်လုံးအတွက် ကမ္ဘာ့ဈေးကွက်ဆီ စမတ်ဖုန်းတင်ပို့ရောင်းချရမှု အခြေအနေတွေကို အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ထိပ်ဆုံးမှာဦးဆောင်နေတာကတော့ တောင်ကိုရီးယားရဲ့ ထိပ်သီးကုမ္ပဏီကြီး Samsung ဖြစ်ပါတယ်။ သူ့နောက်မှာနေရာယူလာတာကတော့ တရုတ်ရဲ့မျက်နှာဖုံး နည်းပညာကုမ္ပဏီလို့ ပြောရမယ့် Huawei ပါ။ အမေရိကန်ကုမ္ပဏီကြီးကတော့ တတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

Huawei ဟာ ၂၀၁၈ တုန်းက စံချိန်ကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့သလို Apple ရဲ့ရှေ့မှာလည်း ရပ်တည်နိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရပေမယ့် အမေရိကန်ကုမ္ပဏီကြီးကိုကျော်တက်ပြီး ကမ္ဘာ့ဒုတိယရောင်းအားအကောင်းဆုံးအမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်တာကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

Huawei ဟာ ခန့်မှန်းခြေအားဖြင့် မိုလ်ဘိုင်းဖုန်းပေါင်း သန်း ၂၄၀ လောက် တင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၁၈ ခုနှစ်တစ်နှစ်လုံး တင်ပို့ရောင်းချနိုင်ခဲ့တာထက် ပိုများလာခဲ့ပါသေးတယ်။ အခြားတစ်ဘက်မှာတော့ Apple ဟာ ယူနစ် သန်း ၂၀၀ နီးပါး တင်ပို့ရောင်းချနိုင်ခဲ့ပေမယ့် ၂၀၁၈ နဲ့နှိုင်းယှဉ်ရင် လျော့ကျခဲ့တာပဲ ဖြစ်ပါတယ်။

Xiaomi ကတော့ Apple ရဲ့နောက် စတုတ္ထနေရာမှာရှိနေတယ်ဆိုပေမယ့် ၁၂၅ သန်းပဲ တင်ပို့ရောင်းချရတာကြောင့် ကွာဟမှုက မကျဉ်းမြောင်းဘူးလို့ ဆိုနိုင်ပါတယ်။ OPPO ကလည်း Xiaomi နဲ့ မတိမ်းမယိမ်းဖြစ်ပေမယ့် ပဥ္စမနေရာမှာပဲ ရှိနေခဲ့ပါတယ်။ သူတို့နောက်မှာတော့ Vivo, Lenovo, LG, Realme နဲ့Techno တို့က အစဉ်လိုက်ရပ်တည်နေကြပါတယ်။

Ref: Gizmochina