၂၀၂၀ ပြည့်နှစ်ကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ Huawei နဲ့ပတ်သက်တဲ့ သတင်းတွေဟာ အပြောင်းအလဲတွေကို သယ်ဆောင်လာတယ်လို့ ဆိုရပါမယ်။ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီဟာ အခုအချိန်အထိ အမေရိကန်ရဲ့ ပိတ်ပင်မှုကို ရင်ဆိုင်နေရဆဲဖြစ်သလို၊ စမတ်ဖုန်းဈေးကွက်မှာလည်း ဝေစုတွေထပ်ပြီးလျော့နည်းမသွားအောင် အပြင်းအထန်ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် Huawei ဟာ ကုမ္ပဏီရဲ့ အသက်ဆက်ရှင်စရာလမ်းကြောင်းကို စမတ်ဖုန်းထုတ်လုပ်ရောင်းချမှုတစ်ခုတည်းပေါ်မှာပဲ မှီခိုထားတာ မဟုတ်ပါဘူး။ အခြား နည်းပညာဆိုင်ရာ လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းဘက်က အကြပ်အတည်းရင်ဆိုင်ရချိန်မှာ အခြားလုပ်ငန်းတွေဘက်ကို ဦးတည်ပြီးပိုအားစိုက်လာတာကို တွေ့မြင်ရပါတယ်။

အခုလည်း Huawei ဟာ ပြင်သစ်နိုင်ငံမှာ Telecom Equipment စက်ရုံ တည်ဆောက်မယ်လို့ သိရပါတယ်။ ဒီအတွက် ယူရို သန်း ၂၀၀ ကို ရင်းနှီးမြှုပ်နှံဖို့ လုပ်ဆောင်နေကြောင်းကြေညာခဲ့ပါတယ်။ ပြင်သစ်အစိုးရက Huawei ရဲ့ 5G networking gear တွေအသုံးပြုမှုကို ဟန့်တားနေတဲ့ကြားထဲက ဒီသတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ ဒီဆိုက်အတွက် ကနဦးမှာ လူ ၃၀၀ ကိုအလုပ်ခန့်ထားမှာဖြစ်ပြီး၊ ရေရှည်မှာတော့ ၅၀၀ အထိ တိုးလာနိုင်တယ်လို့ သိရပါတယ်။

Huawei ရဲ့ စက်ရုံကထုတ်ကုန်တွေဟာ ဥရောကဖောက်သည်တွေအတွက်ပဲလို့လည်း သိရပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ Equipment တွေကို ဟန့်တားနေတဲ့ ပြင်သစ်အစိုးရရဲ့ နိုင်ငံအတွင်းမှာပဲ စက်ရုံတည်ဆောက်ဖို့အစီအစဉ်ကို စဉ်းစားပြီး ကုန်သည်ဉာဏ်ကို ထုတ်သုံးသွားတယ်လို့ ဆိုရမှာပါ။ လက်ရှိအချိန်အထိတော့ Huawei ရဲ့ ဥရောပဈေးကွက်တွင်းရှင်သန်ရေးဟာ ပြတ်သားတဲ့အဖြေတစ်ခုကို မပြောနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီကတော့ အကောင်းဆုံးကိုမျှော်လင့်ထားတယ်လို့ပဲ ယုံကြည်ရပါတယ်။

Ref: Gizmochina