Huawei ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အွန်လိုင်းကနေ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ကျင်းပဖို့ အတည်ပြုလိုက်ပါတယ်။ ဒီပွဲကို ဖျက်သိမ်းလိုက်ရတဲ့ MWC ပြပွဲတည်ရှိရာ ဘာစီလိုနာမြို့ကနေပဲ ထုတ်လွှင့်ကျင်းပသွားမှာပါ။

မိတ်ဆက်ပွဲဖိတ်စာမှာတော့ Huawei ဟာ ကုမ္ပဏီရဲ့ မျိုးဆက်သစ် Foldable ဟန်းဆက်ကိုယ်ထည်ပုံရိပ်ကို ထည့်သွင်းပြသထားခဲ့ပြီး MWC ပွဲမှာ ကြယ်ပွင့်အဖြစ် ထုတ်ပြဖို့ကြံထားတဲ့ ထုတ်ကုန်ဆိုလည်း မမှားပါဘူး။ လောလောဆယ် Mate Xs လို့ သိထားရတဲ့ ဒီဖုန်းဟာ Motorola RAZR နဲ့ Samsung Galaxy Z Flip တို့လို မျိုးဆက်သစ် Foldable ဖုန်းတွေနဲ့ ဈေးကွက်လုရမှာပါ။

MWC ပွဲကို ရုတ်တရက်ဖျက်သိမ်းလိုက်ရတဲ့နောက် သူတို့ထုတ်ကုန်တွေကို ကိုယ်စီထုတ်ပြလာရတာ Huawei တစ်ယောက်တည်းတော့ မဟုတ်တာ သေချာပါတယ်။ သူတို့ရဲ့ အမှတ်တံဆိပ်ခွဲ Honor ကလည်း ဖေဖော်ဝါရီ ၂၅ ရက်မှာပဲ Honor 9X Pro , Honor V30 နဲ့ V30 Pro တို့ရဲ့ ဂလိုဘယ်ဗားရှင်းတွေကို အွန်လိုင်းကနေ ထုတ်ဖော်မိတ်ဆက်လာဦးမှာပါ။

ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ Realme ကလည်း ဖေဖော်ဝါရီ ၂၄ တစ်ရက်တည်းမှာပဲ သူတို့ရဲ့ စောင့်မျှော်မှုအမြင့်ဆုံး ထုတ်ကုန်သစ်ဖြစ်တဲ့ Realme X50 Pro 5G Flagship ဖုန်းသစ်ကို ထုတ်ပြလာဦးမှာဖြစ်တဲ့အတွက် Huawei ရဲ့ပွဲနဲ့တော့ တိုက်နေပါတယ်။

Oppo ကုမ္ပဏီကတော့ သူတို့ရဲ့ထုတ်ကုန်တွေကို မတ်လထဲရောက်မှပဲ အေးအေးဆေးဆေးမိတ်ဆက်ဖို့ ရွှေ့ဆိုင်းသွားခဲ့ပါတယ်။ Xiaomi ဟာလည်း Mi 10 စီးရီးရဲ့ ဂလိုဘယ်မိတ်ဆက်ရက်ကို အတိအကျမပြောဘဲ ရွှေ့ဆိုင်းထားပါတယ်။

Ref – Playful Droid