Huawei ဟာ Watch GT 2 Pro ကို ပြီးခဲ့တဲ့တစ်ပတ်က ဥရောပဈေးကွက်ထဲမှာ ကြေညာခဲ့တာပါ။ ဒီစမတ်နာရီသစ်ဟာ ဒီဇိုင်းပိုင်းမှာပြုပြင်ထားတဲ့အပြင် ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ခြင်းအပါအဝင် စွမ်းဆောင်ချက်အသစ်တွေလည်း ထည့်သွင်းလာတာ ဖြစ်ပါတယ်။

Huawei အနေနဲ့ Watch GT 2 Pro ကို မကြာခင်အချိန်အတွင်း တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းချဖွယ်ရှိပြီး နိုင်ငံတကာဈေးကွက်နဲ့ မတူညီတဲ့ Operating System ကို အသုံးပြုလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Huawei ရဲ့ စမတ်နာရီတွေမှာ LiteOS လို့ခေါ်တဲ့ Custom Operating System ကို မောင်းနှင်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ Watch GT 2 Pro နဲ့ တူညီတဲ့ OS လည်း ဖြစ်ပါတယ်။

Watch GT 2 Pro ရဲ့ တရုတ်ပြည်တွင်းဗားရှင်းဟာ LiteOS မောင်းနှင်မှာမဟုတ်ဘဲ HongmengOS မောင်းနှင်မှာဖြစ်ပြီး ဒီ OS နဲ့ ပထမဆုံး Wearable ဖြစ်လာလိမ့်မယ်လို့ Huawei ရဲ့ စမတ်နာရီနဲ့ ကျန်းမာရေးထုတ်ကုန်လိုင်းဆိုင်ရာ ဥက္ကဌ Zhang Wei က ဆိုပါတယ်။ ဒီအချက်အလက်ဟာ Huawei Developer Conference 2020 မှာ ကုမ္ပဏီအရာရှိချုပ်က ပြောခဲ့တဲ့ အနှစ်ချုပ်မှာလည်း ဖော်ပြခဲ့ဖူးပါတယ်။

Operating System ပြောင်းသွားတာကလွဲရင် Huawei Watch GT 2 Pro တရုတ်ဗားရှင်းဟာ နိုင်ငံတကာဗားရှင်းနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ Sapphire glass protection နဲ့ 1.39-inch 454 x 454 AMOLED မျက်နှာပြင်၊ တိုက်တေနီယမ်ကိုယ်ထည်၊ ကြွေထည်အဖုံးတို့နဲ့ဖြစ်သလို 4GB of Storage နဲ့ ၂ ပတ်အထိသုံးနိုင်တဲ့ ဘက်ထရီပါဝင်ပါလိမ့်မယ်။

Ref: Gizmochina