OpenAI ကနေ ထုတ်လုပ်ထားတဲ့ ChatGPT ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး AI ဖြစ်နေပြီလို့တောင် သတ်မှတ်နိုင်ပါတယ်။ အခုလိုမျိုး ChatGPT ဟာ အလွန်စွမ်းဆောင်နိုင်တာကြောင့် လက်ရှိအချိန်မှာ Google ၊​ Microsoft အပြင် ကုမ္ပဏီအများအပြားက AI တွေကို အပြိုင်အဆိုင်ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

ဒီလိုမျိုး ChatGPT ကို ယှဥ်ပြိုင်မယ့် ကုမ္ပဏီတွေထဲမှာ အခုဆို တရုတ်နိုင်ငံတွင်း အကြီးမားဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei လည်းပါဝင်လာပြီဖြစ်ပါတယ်။​ Huawei ရဲ့ AI ကိုတော့ NetGPT ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါသတင်းဟာ Huawei ကုမ္ပဏီကနေ NetGPT နာမည်ကို တရုတ်နိုင်ငံရဲ့ Trademark Patent Office မှာ မူပိုင်ခွင့်လျှောက်ထားခဲ့တာကြောင့် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Huawei ဟာ NetGPT AI ကို တရားဝင်ချပြဖို့ စတင်စီစဥ်နေပြီလို့ ယူဆရပါတယ်။​

ဒါပေမယ့်လည်း လောလောဆယ်မှာ Huawei ရဲ့ NetGPT AI က ဘယ်လိုမျိုး ဖြစ်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးသလို Huawei ဘက်ကနေလည်း တရားဝင်တုံ့ပြန်မှုမရှိသေးဘူးဖြစ်ပါတယ်။ ဒါပေမယ့် Huawei ဟာ ယခင်ထဲက စမတ်ဖုန်းတွေအပြင် တခြား AIoT ပိုင်း၊​ EV စျေးကွက်တွေမှာ AI နည်းပညာတွေကို ဆောင်ရွက်နေတာကြောင့် အခု NetGPT AI ဟာ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China