Huawei ရဲ့ ကိုယ်ပိုင် HarmonyOS ဟာ Global စျေးကွက်အတွက် တရားဝင်မိတ်ဆက်သေးခြင်းမရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ ပုံမှန် စမတ်ဖုန်း၊ Tablet တွေတင်မဟုတ်ဘဲ HarmonyOS ဟာ Smart Home Device တွေ၊ EV ကားတွေအထိပါ အသုံးပြုလာပြီဖြစ်ပါတယ်။

အခုလည်း Huawei ရဲ့ HarmonyOS ကို တရုတ်ပြည်တွင်းမှာ ရောင်းချနေတဲ့ Volkswagen ကားတွေမှာ အသုံးပြုဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ သတင်းကို Financial Times ကနေ ဖော်ပြခဲ့တာဖြစ်ပြီး တရုတ်ပြည်တွင်း ဝယ်ယူသူတွေဟာ တရုတ်နိုင်ငံပြည်တွင်းထုတ် Software တွေကိုပဲ ပိုအသုံးများပြီး Volkswagen ကားတွေမှာပါဝင်တဲ့ Software ကို မကြိုက်ကြတာကြောင့် အခုလို ပြောင်းလဲအသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

လောလောဆယ်မှာ Volkswagen ဟာ HarmonyOS ကို အသုံးပြုဖို့ အတည်ပြုထားခြင်းမရှိသေးဘဲ တခြားသော Option တွေကိုလည်း ထည့်သွင်းစဥ်းစားနေပါတယ်လို့ သိရပါတယ်။ ဒါပေမယ့် Volkswagen ဟာ တရုတ်ပြည်တွင်းအတွက် ရေရှည်လက်တွဲသွားဖို့ စီစဥ်နေတာဖြစ်တဲ့အတွက် Huawei ကိုပဲ ရွေးချယ်သွားမယ်လို့ ခန့်မှန်းရပါတယ်။

တစ်ခုရှိတာက အခု HarmonyOS ကို အသုံးပြုသွားမယ့် Volkswagen ကားတွေဟာ EV လျှပ်စစ်ကားတွေအတွက်ပဲလား၊ တခြား ပုံမှန် လောင်စာဆီသုံးကားတွေပါ အသုံးပြုမလားဆိုတာကို အတိအကျပြောကြားထားခြင်းမရှိသေးပါဘူး။ လက်ရှိအချိန်မှာ BYD လိုမျိုး တရုတ်ပြည်တွင်းထုတ် EV ကားတွေက အလွန်အောင်မြင်ရေပန်းစားနေတဲ့အတွက် တခြားသော နိုင်ငံခြားကားကုမ္ပဏီတွေက ရောင်းအားတက်ဖို့ မျိုးစုံကြိုးပမ်းနေရပြီဖြစ်ပါတယ်။

Ref – GSM Arena