ChatGPT ကို ဖန်တီးထားတဲ့ OpenAI က လူတူစက်ရုပ်တွေ တီထွင်နေတဲ့ Figure နဲ့ ပူးပေါင်းလိုက်ပြီး OpenAI ရဲ့ AI နည်းပညာကို လူတူစက်ရုပ်တွေမှာ ထည့်သွင်းတော့မှာပါ။
Figure က Amazon တည်ထောင်သူ Jeff Bezos ၊ Microsoft ၊ Nvidia ၊ Intel နဲ့ OpenAI တို့ပါဝင်တဲ့ အဖွဲ့ထံကနေ ဒေါ်လာ ၆၇၅ သန်း ရင်းနှီးမြှုပ်နှံမှုရထားတယ်လို့ ပြောပါတယ်။
Figure ဟာ ၂ နှစ်သက်တမ်းပဲ ရှိသေးတဲ့ ကုမ္ပဏီငယ်လေး ဖြစ်ပြီး လူတူစက်ရုပ်တွေကို ဈေးကွက်ထဲမှာ မရောင်းချထားသေးပေမယ့် လူတူစက်ရုပ်တွေကို တစ်ကမ္ဘာလုံးမှ လုပ်ငန်းခွင်တွေနဲ့ နေအိမ်တွေထံ ရောင်းချမယ့် စီမံကိန်းကြောင့် နာမည်ကြီး နည်းပညာ ကုမ္ပဏီတွေကို စွဲဆောင်ထားနိုင်ပါတယ်။
OpenAI ဟာ ChatGPT ကို မောင်းနှင်ထားတဲ့ AI Large Language Model ကို တီထွင်ထားပြီး လူတူစက်ရုပ်တွေမှာ အဲဒီ နည်းပညာကို ထည့်သွင်းနိုင်ရင် လူသားတွေကို များစွာ အကျိုးပြုလာနိုင်မှာ ဖြစ်ပါတယ်။
Figure နဲ့ OpenAI တို့ရဲ့ သဘောတူညီမှုကို မသိရသေးပေမယ့် OpenAI ဟာ လက်ရှိ GPT Language Model လို နည်းပညာကို အခြေခံထားတဲ့ AI Model တွေကို Figure ရဲ့ လူတူစက်ရုပ်တွေအတွက် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
OpenAI CEO Sam Altman က ကုမ္ပဏီဟာ စက်ရုပ် ဟာ့ဒ်ဝဲ ပလက်ဖောင်းမှာ ရင်းနှီးမြှပ်နှံဖို့ စတင် ပြုလုပ်နေပြီလို့ ဒီနှစ် အစောပိုင်းက ပြောကြားခဲ့ဖူးပါတယ်။
Ref : apnews