သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်လာတော့မှာပါ။ သင်္ဘောကျင်းတွေထဲမှာ ကိုယ်တိုင်ဝင်ပြီး ဂဟေဆော်ပေးနိုင်မယ့် လူတူစက်ရုပ်တွေ တီထွင်ထုတ်လုပ်ဖို့အတွက် နာမည်ကြီး Hyundai နဲ့ အမေရိကန်အခြေစိုက် စက်ရုပ်နည်းပညာကုမ္ပဏီ Persona AI တို့ လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။

HD Hyundai Advances Humanoid Welding Robots for Shipbuilding

အဲဒီ သဘောတူညီချက်အရ HD Korea Shipbuilding & Offshore Engineering ဟာ သင်္ဘောကျင်းက အချက်အလက်တွေကို အသုံးပြုပြီး AI အခြေခံ ဂဟေဆော်သင်တန်းပေးတဲ့ စနစ်တွေကို အသက်သွင်းသွားမှာပါ။ HD Hyundai Robotics ကတော့ စနစ်တွေ ပေါင်းစပ်တာ၊ အရည်အသွေးစစ်ဆေးတာနဲ့ မြေပြင်စမ်းသပ်တာတွေကို တာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ပြီး Persona AI က သင်္ဘောကျင်းလို ရှုပ်ထွေးခက်ခဲတဲ့ ပတ်ဝန်းကျင်တွေမှာ လူတစ်ယောက်လိုပဲ တည်တည်ငြိမ်ငြိမ် သွားလာလှုပ်ရှားနိုင်မယ့် ခြေနှစ်ဖက်ထောက် လူတူစက်ရုပ်ပလက်ဖောင်းကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

HD Hyundai Moving Forward with Humanoid Welding Robot for Shipyards

တကယ်တော့ ဒီစီမံကိန်းဟာ ၂၀၂၅ ခုနှစ် မေလကတည်းက သဘောတူညီချက်ရယူခဲ့ပြီး အစမ်းထုတ်လုပ်ထားတဲ့ စက်ရုပ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့မှုအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အန္တရာယ်များတဲ့ ဂဟေဆော်တဲ့ လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတဲ့ ကျွမ်းကျင်လုပ်သားရှားပါးမှုကို အကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ပြီး လာမယ့် ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာ အစမ်းစက်ရုပ်ကို အပြီးသတ်ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ အဲဒီနောက် ၂၀၂၇ ခုနှစ်မှာ မြေပြင်စမ်းသပ်မှုတွေ အကြီးအကျယ်လုပ်ဆောင်ပြီး လုပ်ငန်းခွင်တွေထဲ တကယ်စတင်အသုံးပြုသွားဖို့ လျာထားပါတယ်။

အထူးခြားဆုံးကတော့ Persona AI ရဲ့ စက်ရုပ်တွေဟာ NASA ရဲ့ နည်းပညာတွေကို အခြေခံထားတဲ့ အလွန်ကျွမ်းကျင်လှတဲ့ စက်ရုပ်လက်တံတွေ တပ်ဆင်ထားတာကြောင့် ဘယ်လောက်ပဲရှုပ်ထွေးတဲ့ နေရာဖြစ်ဖြစ် တိတိကျကျ အလုပ်လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီ စက်ရုပ်တွေကို သင်္ဘောကျင်းတွေ၊ ဆောက်လုပ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေက ညစ်ပတ်ပြီး အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အသုံးပြုဖို့ အထူးဖန်တီးထားတာပါ။ ကျဉ်းကျပ်တဲ့ နေရာတွေမှာ ဂဟေဆော်တာ၊ ပြုပြင်တာနဲ့ ပိုက်လုံးတွေ ဂဟေဆော်တာလိုမျိုး ပင်ပန်းတဲ့အလုပ်တွေကို လူသားတွေနေရာမှာ အစားထိုးလုပ်ဆောင်ပေးနိုင်တာကြောင့် လုပ်ငန်းခွင် ထိခိုက်မှုတွေကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ရရှိစေတော့မှာ ဖြစ်ပါတယ်။

Ref : Msn